မတရားဖမ်းဆီးအကျဉ်းချခံထားရသူ ၃၀ ခန့် မြစ်ကြီးနား အကျဉ်းထောင်မှ ယနေ့ အောက်တိုဘာလ ၁၈ ရက် ညနေ (၅) နာရီခန့်တွင် ပြန်လည်လွတ်မြောက်လာသော်လည်း သတင်းထောက်များတစ်ဦးမှ မပါဝင်ကြောင်း သိရသည်။

မြစ်ကြီးနားအကျဉ်းထောင်မှ မန္တလေးကျောင်းတိုက်ဆရာတော်ဦးပညာအပါအဝင် ၃၀ ခန့် ပြန်လည်လွတ်မြောက်လာခြင်း ဖြစ်ပြီး ပြန်လည်လွတ်မြောက်လာသူများတွင် အမျိုးသမီး ၈ ဦးနှင့် အမျိုးသား ၂၂ ဦးပါဝင်သည်ဟု ကနဦး သိရသည်။

မြစ်ကြီးနားအခြေစိုက်သတင်းဌာနများမှ သတင်းထောက်များ ပြန်လည်လွတ်မြောက်လာမည်ဟု ကနဦးသတင်းထွက်ပေါ်ခဲ့သော်လည်း ယနေ့ပြန်လွတ်လာသူများတွင် ပါဝင်လာခြင်းမရှိပါ။

သတင်းထောက်များ လာမည့်ရက်များအတွင်း ပြန်လည်လွတ်မြောက်လာနိုင်သလားဆိုသည်နှင့် ပတ်သက်ပြီး The 74 Media က သီးခြားအတည်ပြုနိုင်ခြင်း မရှိပါ။

The 74 Media မှ သတင်းထောက် မချန်ဘူနှင့် Kachinwaves မှ သတင်းထောက် မောင်လရော်တို့သည် မြစ်ကြီးနားမြို့ အေးစေတီရပ်ကွက်တွင် မတ်လ ၂၉ ရက်နေ့က စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးဆန္ဒပြပွဲကို သတင်းရယူနေစဉ် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

မြစ်ကြီးနား သတင်းဂျာနယ်မှ သတင်းထောက် မောင်အားဂျယ်နှင့် ခရစ်စတိုဖာ တို့သည် ဧပြီလ ၁၃ ရက်နေ့က ဖမ်းဆီးခံခဲ့ရပြီး သတင်းထောက် မမျိုးမြတ်မြတ်ပန်သည့် ဧပြီလ ၁၄ ရက်နေ့တွင် နေအိမ်၌ ဖမ်းဆီးခံခဲ့ရသည်။

စစ်ကောင်စီ၏ မတရားအမှုဖွင့် အကျဉ်းချခံခဲ့ရသည့် နိုင်ငံရေးအကျဉ်းသား ၁၄၀ ဦးကို လွန်ခဲ့သော ဇွန်လ ၃၀ ရက်နေ့တွင် လွတ်ပေးခဲ့သည်။

================
လွတ်လပ်တဲ့သတင်းမီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ရန် နည်းများမဆိုလှူဒါန်းနိုင်ပါတယ်။ လှူဒါန်းလိုတယ်ဆိုရင် ဒီလင့်ခ်ကို နှိပ်ပါ – https://bit.ly/3vPLY7e

 

သင့်ထင်မြင်ချက်ရေးပေးပါ