အာဏာသိမ်းစစ်ခေါင်းဆောင်ကို အာဆီယံထိပ်သီးညီလာခံတက်ရောက်ခွင့်မပြုသည့် ဆုံးဖြတ်ချက်ကို ကန့်ကွက်ပြီး ထိုသို့ဆုံးဖြတ်ခဲ့ခြင်းကြောင့် ဘေးထွက်ဆိုးကျိုးဖြစ်ပေါ်မည်ဖြစ်ကြောင်း နိုင်ငံခြားရေးရာဝန်ကြီးဌာနက ၎င်းတို့၏ဖေ့စ်ဘုတ်လူမှုကွန်ရက်စာမျက်နှာတွင် ထုတ်ပြန်ကြေညာလိုက်သည်။

ထုတ်ပြန်ချက်တွင် အာဆီယံအဖွဲ့ဝင်နိုင်ငံအချို့က မြန်မာနိုင်ငံ၏အာဆီယံအစည်းအဝေးများတက်ရောက်ရေးနှင့် ကိုယ်စားပြုမှုနှင့်ပတ်သက်ပြီးချမှတ်ခဲ့သည့် ဆုံးဖြတ်ချက်ကို စိတ်ပျက်မိပြီး ပြင်းထန်စွာ ကန့်ကွက်ကြောင်း ဖော်ပြထားသည်။

ထိုသို့ဆုံးဖြတ်မှုသည် အာဆီယံ၏ ပဋိညာဉ်စာတမ်း နှင့် အခြေခံမူများတွင် ပြဌာန်းထားမှု မရှိခြင်း၊ အာဆီယံ၏ ရည်ရွယ်ချက်တို့နှင့် ဆန့်ကျင်သည်ဟုလည်း ပါဝင်သည်။

ထုတ်ပြန်ချက်၏အဆုံးတွင် အာဆီယံခေါင်းဆောင်များ၏ ဆုံးဖြတ်ချက်ကြောင့် စည်းလုံးညီညွှတ် မှု၊ ဗဟိုပြုမှုကို ထိခိုက်စေမည့် ဘေးထွက်ဆိုးကျိုးများ ဖြစ်ပေါ်လာနိုင်သည်ဟု သတိပေးကြောင်း ရေးသားဖော်ပြထားသည်။

ယခုလနှောင်းပိုင်းတွင် ကျင်းပမည့် အာဆီယံထိပ်သီးညီလာခံသို့ မြန်မာနိုင်ငံကိုယ်စား စစ်ကောင်စီဥက္ကဌကို ပါဝင်တက်ရောက်ခွင့်မပြုရန် အာဆီယံခေါင်းဆောင်များက အောက်တိုဘာလ ၁၅ ရက်တွင်ဆုံးဖြတ်ခဲ့သည်။

================

လွတ်လပ်တဲ့သတင်းမီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ရန် နည်းများမဆိုလှူဒါန်းနိုင်ပါတယ်။ လှူဒါန်းလိုတယ်ဆိုရင် ဒီလင့်ခ်ကို နှိပ်ပါ – https://bit.ly/3vPLY7e

 

သင့်ထင်မြင်ချက်ရေးပေးပါ