ခရစ်ယာန်ဓမ္မဆရာသုံးပါးအမှုတွင် စစ်ကောင်စီဘက်မှ တရားလိုပြသက်သေထွက်ဆိုခဲ့သည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အခြား၂၀ ဦးတွင် ကိုဗစ်၁၉ ပိုးတွေ့ရှိခဲ့သဖြင့် နောင်မွန်မြို့ကို အသွားအလာကန့်သတ်လိုက်ကြောင်း သိရသည်။

ရပ်ကျေးအုပ်ချုပ်ရေးမှူးတွင် ပိုးတွေ့သဖြင့် သူနှင့်ထိတွေ့သူများကို စစ်ဆေးရာမှ ကူးစက်ခံထားရသူ ၂၀ ဦးကို ထပ်မံတွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက The 74 Mediaကိုပြောသည်။

“ပူတာအိုကို ဓမ္မဆရာ သုံးပါးကိစ္စနဲ့ ဆင်းသွားပြီး အပြန်မှာ လိုင်းကားစီးပြီးမှ တက်လာကြတယ်လေ ခရီးသည် ၃ ယောက် နဲ့ ဒီ‌ရောက်တော့ ကိုဗစ်ပိုးတွေ့တာဟုတ်တယ် အခု နေအိမ်ကို လော့ဒေါင်းချထားတယ်။” ဟုသူကပြောသည်။

ပူတာအိုမြို့မှ နောင်မွန်သို့ အသွားအလာ ကန့်သတ်ထားပြီး နောင်မွန်မှ ပူတာအိုမြို့သို့ ကိုဗစ်ဆေးထိုးသူများကို သွားလာခွင့်ပြုကြောင်း သူကဆက်ပြောသည်။

နောင်မွန်မြို့မှ ဓမ္မဆရာ သုံးဦးသည် မတ် ၃ ရက်နေ့က မြန်မာပြည်ငြိမ်းချမ်းရေးအတွက် ဆုတောင်းဝတ်ပြုအစည်းအဝေးပြုလုပ်ချိန် ဦးဆောင်ခဲ့သောကြောင့်ဟုဆိုကာ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

ကချင်ပြည်နယ် ပူတာအိုမြို့တွင် အောက်တိုဘာ ၄ ရက်နှင့် ၅ ရက်နေ့၌ ကိုဗစ် ၁၉ ပိုးတွေ့အတည်ပြုလူနာနှစ်ဦး သေဆုံးခဲ့သည်။

================

လွတ်လပ်တဲ့သတင်းမီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ရန် နည်းများမဆိုလှူဒါန်းနိုင်ပါတယ်။ လှူဒါန်းလိုတယ်ဆိုရင် ဒီလင့်ခ်ကို နှိပ်ပါ – https://bit.ly/3vPLY7e

 

သင့်ထင်မြင်ချက်ရေးပေးပါ