ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် ယမန်နေ့ အောက်တိုဘာ ၆ ရက်နေ့ည ၈ နာရီခွဲမှ ၁၀ နာရီထိ စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က ပစ်ခတ်သော လက်နက်ကြီးထိမှန်၍ ပြည်သူတစ်ဦး သေဆုံးပြီး ရှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပွားချိန် စစ်ကောင်စီတပ်က လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် နမ့်ဘော်ဝမ်ခရပ်ကွက်မှ ဦးထွန်းအောင် အသက် (၅၀) နှစ်ခန့်သည် ခါးတွင် လက်နက်ကြီးစ ထိမှန်၍ သေဆုံးခဲ့ခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။

“သေသွားတဲ့သူက သူ့အိမ်ရဲ့ မျက်နှာချင်းဆိုင်အိမ်မှာ လက်နက်ကြီးကျတာ။ သူတို့ အိမ်က အခုမှ စဆောက်တာဖြစ်လို့ မိုးကာတွေနဲ့ပဲကာထားပြီး အဲ့ကနေဖောက်ပြီး လက်နက်စမှန်တာ။ ခါးကို ထိပြီး ဆုံးသွားတာ” ဟု သူကပြောသည်။

လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် နေအိမ်ငါးလုံးခန့် ပျက်စီးပြီး ထိခိုက်ဒဏ်ရာရရှိသူများတွင် အခြေအနေ စိုရိမ်ရသူလည်းရှိသည်ဟု အခြားဒေသခံတစ်ဦးက ပြောသည်။

“ထိတဲ့သူထဲမှာ ကလေးရော လူကြီးရောပါတယ်။ ကလေးနှစ်ယောက်က နောက်ကျောနဲ့ နားထင်နားထိတယ်။ ပရဟိတသမားတွေ လာခေါ်သွားတယ်။ အစ်ကိုတစ်ယောက်က ခြေထောက်တစ်ဖက်စုတ်ပြတ်သွားတယ် စိုးရိမ်ရတယ်။ နေအိမ်ငါးလုံးလောက်ပျက်စီးသွားတယ်” ဟုဆိုသည်။

လွိုင်ကော်မြို့အရှေ့ဘက် လောပိတရေအားလျှပ်စစ်သို့သွားသည့် လမ်းရှိ အမှတ် ၅၄ ထောက်ပို့တပ်ကိုလည်း ယမန်နေ့ညက ပြည်သူ့ကာကွယ်ရေးတပ်မှ ဝင်ရောက်ပစ်ခတ်ခဲ့ကြောင်း သိရသည်။

ကယားပြည်နယ်တွင် ယမန်နေ့က စစ်ကောင်စီတပ်ဖွဲ့များသည် ဖရူဆို၊ ဘောလခဲနှင့် ဖားဆောင်းမြို့နယ်များသို့ အင်အားနှင့် လက်နက်ရိက္ခာဖြည့်တင်းမှုများ ပြုလုပ်ခဲ့သည်ဟု KNDF သတင်းနှင့် ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။

သင့်ထင်မြင်ချက်ရေးပေးပါ