မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် သုံးမိုင်အနီးတွင် ယမန်နေ့ အောက်တိုဘာ ၆ ရက်နေ့ ညသန်းခေါင် ၁၂ နာရီခွဲခန့်က စစ်ကောင်စီယာဉ်တန်း မိုင်းခွဲတိုက်ခိုက်ခံရကြောင်း သိရသည်။

စစ်ကောင်စီယာဉ်တန်းကို ထီးချိုင့် ပြည်သူ့ကာကွယ်ရေးတပ်နှင့် သပိတ်ကျင်းပူးပေါင်းအဖွဲ့က မိုင်းခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ကားတစ်စီးမီးလောင်ပျက်စီးသွားသည်ဟု ထီးချိုင့် PDF (ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့) ဝင်နှင့် နီးစပ်သူတစ်ဦးက The 74 Media ကိုပြောသည်။

“မိုင်းဆွဲတာက ည ၁၂ ခွဲလောက်ပါ။ တစ်စီးတော့ မီးလောင်ပျက်စီးသွားတယ်။ သေဆုံးနဲ့ ထိခိုက်ကတော့ ၃၀ ဝန်းကျင်ပါ။ သေချာတော့ မသိနိုင်ပါဘူး။ သူတို့ တစ်ခါတည်း ရှင်းလင်းသွားတာကြောင့်ပါ” ဟု သူကပြောသည်။

စစ်ကောင်စီတပ်ဖွဲ့တို့သည် မိုင်းခွဲခံရပြီးနောက် နံနက် ၃ နာရီထိ အနီးဝန်းကျင်သို့ ရမ်းသမ်းပစ်ခတ်မှုများ ပြုလုပ်ခဲ့ကြောင်း သူကဆက်ပြောသည်။

ထို့နောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တို့သည် နံနက် ၆ နာရီဝန်းကျင်ခန့်က ထီးချိုင့်မြို့ တုံလုံကာလမ်းဘေးရှိ ရွေးကောက်ခံပြည်သူ့လွှတ်တော် ဦးမောင်မောင်၏ ဈေးဆိုင်မှ ပစ္စည်းများ သယ်ယူသွားပြီး နေအိမ်ကိုလည်း ဖျက်ဆီးသွားကြောင်း သိရသည်။

ထီးချိုင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့သည် အောက်တိုဘာ ၃ ရက်နှင့် ၄ ရက်နေ့များတွင် စစ်ကောင်စီတပ်၏ ရဲကင်းများကို မီးရှို့ဖျက်ဆီးခဲ့ပြီး စစ်ကောင်စီယာဉ်တန်းများကိုလည်း မကြာခဏ မိုင်းခွဲတိုက်ခိုက်မှုများပြုလုပ်လျက်ရှိသည်။

သင့်ထင်မြင်ချက်ရေးပေးပါ