ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဝရာဇွတ်ကျေးရွာနှင့် ရှဒူဇွတ်ကျေးရွာအနီး ယနေ့ နံနက် ၈ နာရီခန့်က စစ်အင်အားတိုးချဲ့လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို KIA နှင့် PDF တပ်ဖွဲ့ဝင်များက ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို KIA နှင့် PDF တပ်ဖွဲ့ဝင်တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သတင်းရင်းမြစ်တစ်ဦးက The 74 Media ကိုပြောသည်။

“ဝါရာဇွပ်နဲ့ ရှဒူဇွပ်နားမှာ ဖြစ်တာ၊ ခြုံခိုပြီး တိုက်တာလို့ကြားတယ်၊ တိုက်တဲ့အထဲမှာတော့ KIA ရော PDF ရော ပါတယ်လို့သိရတယ်။ ဒီမနက်တိုက်ခိုက်ခံရတဲ့ စစ်သားတွေက လဝါးဘက် သွားနေပြီလို့ပြောတယ်” ဟု ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀၀ ခန့် တက်လာစဉ် ပစ်ခတ်သံများကြားခဲ့ရခြင်းဖြစ်ကြောင်း ရှဒူဇွပ်ဒေသခံတစ်ဦးက The 74 Media ကို ပြောသည်။

“မနက်ကတော့ စစ်သားတွေ ၂၀၀ ကျော်လောက်တက်သွားတာ ဟုတ်တယ်၊ အဲ့စစ်ကြောင်းလာတဲ့အချိန် ပစ်ခတ်သံတွေကြားရတာပဲ၊ သေချာတော့ ကျွန်တော်တို့လည်း မပြောတတ်ဘူး” ဟု ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၅ ရက်နေ့ကလည်း ကောင်းရာကျေးရွာနှင့် နမ့်ခက်ကျေးရွာကြားတွင် စစ်ကောင်စီတပ် ခမရ (၃၉၀)မှ အင်အား (၇၀) ခန့်သည် တနိုင်းဒေသသို့ စစ်ကြောင်းချီတက်လာစဉ် KIA အဖွဲ့က စစ်ယာဉ်တန်းကို မိုင်းခွဲတိုက်ခိုက်ခဲ့သည်။

တနိုင်းမြို့နယ်နှင့် မိုးကောင်းမြို့နယ် လီဒိုလမ်းမတစ်လျှောက်ရှိ ကျေးရွာများတွင် KIA နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲ မကြာခဏဖြစ်ပွားနေသည်။

သင့်ထင်မြင်ချက်ရေးပေးပါ