နာမည်ကျော် မြန်မာကာတွန်းဆရာနှစ်ဦး နိုင်ငံတကာဆုချီးမြှင့်ခံရ

စစ်အာဏာသိမ်းမှုကိုဆန့်ကျင်သည့် ရဲရဲတောက်ကာတွန်းများရေးဆွဲခဲ့သည့် နာမည်ကျော် မြန်မာကာတွန်းဆရာနှစ်ဦးကို အပြည်ပြည်ဆိုင်ရာကာတွန်းဆရာများအခွင့်အရေးကွန်ရက် (Cartoonists’ Rights Network International – CRNI) အဖွဲ့က ဆုချီးမြှင့်လိုက်သည်။

နာမည်ကျော် မြန်မာကာတွန်းဆရာနှစ်ဦး နိုင်ငံတကာဆုချီးမြှင့်ခံရ

 

 

ကာတွန်းဆရာများဖြစ်ကြသည့် ကိုဝေယံတောင်ကြီးနှင့် ကိုလဂွန်းအိန်တို့ကို Robert Russell Courage in Cartooning ဆုချီးမြှင့်ခဲ့ခြင်းဖြစ်ပြီး စစ်အာဏာသိမ်းမှုကိုဆန့်ကျင်ကန့်ကွက်သည့် ကာတွန်းများကို အခက်အခဲများစွာကြားမှ အစဉ်တစိုက် ရေးဆွဲခဲ့သဖြင့် ချီးမြှင့်ခံခဲ့ရခြင်းဖြစ်သည်ဟု သိရသည်။

စစ်အာဏာရှင်အုပ်စု၏ အငြိုးထားရန်လိုမှုများကြောင့် အသက်အန္တရာယ် စိုးရိမ်ရသည့်အခြေအနေများကြောင့် ပြည်ပသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည့် ကာတွန်းဆရာနှစ်ဦးသည်ဆုနှင့်အတူ အမေရိကန်ဒေါ်လာ တစ်ထောင်ကို လက်ခံရရှိမည်ဖြစ်သည်။

ဆုချီးမြှင့်သည့် အပြည်ပြည်ဆိုင်ရာကာတွန်းဆရာများအခွင့်အရေးကွန်ရက် (Cartoonists’ Rights Network International – CRNI) ကို အကျိုးအမြတ်မယူသည့်အဖွဲ့အစည်းတစ်ခုအဖြစ် လူအခွင့်အရေးနှင့် လူမှုရေးရာကာတွန်းများရေးဆွဲသူများကို ကာကွယ်ရန် ၁၉၉၉ ခုနှစ်တွင် ဒေါက်တာရောဘတ်ရတ်ဆဲလ်က စတင်တည်ထောင်ခဲ့သည်။

CRNI အဖွဲ့ကို စတင်တည်ထောင်ခဲ့သည့် ၁၉၉၉ ခုနှစ်မှ စတင်ကာ Courage in Editorial Cartooning Award ဆိုသည့်အမည်ဖြင့် ကြီးမားသည့်အန္တရာယ်ရင်ဆိုင်နေရသည့် ကာတွန်းဆရာများ သို့မဟုတ် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို သတ္တိရှိရှိလုပ်ဆောင်သူများ သို့မဟုတ် နှစ်မျိုးစလုံးနှင့်အကြုံးဝင်သည့် ကာတွန်းဆရာများကို နှစ်စဉ် ချီးမြှင့်ခြင်းဖြစ်သည်။

 

CRNI အဖွဲ့ကို စတင်တည်ထောင်သူ ဒေါက်တာရောဘတ်ရတ်ဆဲလ် အငြိမ်းစားယူသည့် ၂၀၁၉ ခုနှစ်တွင် Robert Russell Courage in Cartooning ဆု အဖြစ် အမည်ပြောင်းကာ နှစ်စဉ်ဆက်လက်ချီးမြှင့်ခဲ့သည်။

 

ဆုချီးမြှင့်ခံရသူများတွင် အာရှတိုက်၊ ဥရောပတိုက်နှင့် အမေရိကတိုက်များမှ နာမည်ကျော်ကာတွန်းဆရာများ ပါဝင်ပြီး ၂၀၂၀ ခုနှစ်တွင် ဘင်္ဂလားဒေ့ရှ်မှ ကာတွန်းဆရာ အာမတ်ကာဘီကီရှော (Ahmed Kabir Kishore)နှင့် ၂၀၁၉ ခုနှစ်တွင် တရုတ်နိုင်ငံမှ နာမည်ကျော် နိုင်ငံရေးကာတွန်းဆရာ ဘာဒီကောင်း(Badiucao) တို့ ချီးမြှင့်ခံခဲ့ရသည်။

 

– The 74 Media တွင် ဖော်ပြခဲ့သော ကာတွန်းဆရာ လဂွန်းအိမ်နှင့် ဝေယံတောင်ကြီးတို့၏ ကာတွန်များကို ပြန်လည်စုစည်းဖော်ပြလိုက်သည်။

သင့်ထင်မြင်ချက်ရေးပေးပါ