မိုးညှင်းတွင် လူငယ်တစ်ဦးနှင့် မိသားစုဝင်များကို စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဖမ်းဆီး

ကချင်ပြည်နယ်၊ မိုးညှင်းမြို့၊ မိုးဒါးစုရပ်ကွက်တွင် ယမန်နေ့ စက်တင်ဘာ ၂၂ ရက်နေ့ည ရှစ်နာရီခန့်တွင် လူငယ်တစ်ဦးနှင့် သူ၏မိသားစုဝင်များကို စစ်ကောင်စီတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

အသက် ၂၃ နှစ်အရွယ် မောင်စောကြည်ခန့်ဖြိုးကို လာရောက်ဖမ်းဆီးပြီး မိခင်နှင့် အစ်မဖြစ်သူကိုလည်း ခေါ်သွားသည်ဟု အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။

“ည ၈ နာရီလောက်က အိမ်စီးကားသုံးစီး၊ အရပ်ဝတ်နဲ့လာတာ။ အိမ်နောက်မှာ နှစ်စီးဝိုင်းထားတယ်။ စောကြည်ခန့်ဖြိုးကိုရှာတာ။ သူရော သူ့အိမ်က အမေနဲ့ အစ်မရော ပါသွားတယ်။ ပြီးတော့ သူ့ကိုဖမ်းပြီး ဓားစာခံပုံစံခေါ်ပြီးမေးနေတာ။ သေနတ်ထောက်ပြီးမေးတာတဲ့။ နေရာတွေလိုက်ပြခိုင်း အိမ်တွေ လိုက်ပြခိုင်းတယ် ဝင်ရှာတယ်။ လူငယ်တွေ ပါသွားတယ်။ အတိအကျတော့ မသိရဘူး  ” ဟုသူကပြောသည်။

စောကြည်ခန့်ဖြိုးကို မည်သည့်နေရာတွင် ဖမ်းဆီးထားသည်ကို မသိရသေးဘဲ ယနေ့နံနက်တွင် မိခင်ဖြစ်သူ ပြန်လွှတ်လာပြီး အစ်မဖြစ်သူမှာ လွတ်မြောက်လာခြင်းမရှိသေးကြောင်း သူကဆက်ပြောသည်။

ဖမ်းဆီးခံရသည့် စောကြည်ခန့်ဖြိုးကို မည်သည့်အကြောင်းအရင်းကြောင့် ဖမ်းဆီးထားသည်ကို မသိရဘဲ စစ်ကောင်စီတပ်ဖွဲ့ဝင်များက လိုက်လံရှာဖွေသဖြင့် တိမ်းရှောင်နေသည့်ကြားမှ နေအိမ်သို့ပြန်လာချိန်တွင် ဖမ်းဆီးခံလိုက်ရခြင်းဖြစ်ကြောင်း သိရသည်။

မိုးညှင်းမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လှုပ်ရှားမှုများတွင် ပါဝင်သည့်လူငယ်များကို လိုက်လံဖမ်းဆီး၍ အရေးယူမှုများဆောင်ရွက်လျက်ရှိသည်။

သင့်ထင်မြင်ချက်ရေးပေးပါ