ကချင်ပြည်နယ်၊ မိုးညှင်းမြို့၊ မိုးဒါးစုရပ်ကွက်တွင် ယမန်နေ့ စက်တင်ဘာ ၂၂ ရက်နေ့ည ရှစ်နာရီခန့်တွင် လူငယ်တစ်ဦးနှင့် သူ၏မိသားစုဝင်များကို စစ်ကောင်စီတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။
အသက် ၂၃ နှစ်အရွယ် မောင်စောကြည်ခန့်ဖြိုးကို လာရောက်ဖမ်းဆီးပြီး မိခင်နှင့် အစ်မဖြစ်သူကိုလည်း ခေါ်သွားသည်ဟု အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။
“ည ၈ နာရီလောက်က အိမ်စီးကားသုံးစီး၊ အရပ်ဝတ်နဲ့လာတာ။ အိမ်နောက်မှာ နှစ်စီးဝိုင်းထားတယ်။ စောကြည်ခန့်ဖြိုးကိုရှာတာ။ သူရော သူ့အိမ်က အမေနဲ့ အစ်မရော ပါသွားတယ်။ ပြီးတော့ သူ့ကိုဖမ်းပြီး ဓားစာခံပုံစံခေါ်ပြီးမေးနေတာ။ သေနတ်ထောက်ပြီးမေးတာတဲ့။ နေရာတွေလိုက်ပြခိုင်း အိမ်တွေ လိုက်ပြခိုင်းတယ် ဝင်ရှာတယ်။ လူငယ်တွေ ပါသွားတယ်။ အတိအကျတော့ မသိရဘူး ” ဟုသူကပြောသည်။
စောကြည်ခန့်ဖြိုးကို မည်သည့်နေရာတွင် ဖမ်းဆီးထားသည်ကို မသိရသေးဘဲ ယနေ့နံနက်တွင် မိခင်ဖြစ်သူ ပြန်လွှတ်လာပြီး အစ်မဖြစ်သူမှာ လွတ်မြောက်လာခြင်းမရှိသေးကြောင်း သူကဆက်ပြောသည်။
ဖမ်းဆီးခံရသည့် စောကြည်ခန့်ဖြိုးကို မည်သည့်အကြောင်းအရင်းကြောင့် ဖမ်းဆီးထားသည်ကို မသိရဘဲ စစ်ကောင်စီတပ်ဖွဲ့ဝင်များက လိုက်လံရှာဖွေသဖြင့် တိမ်းရှောင်နေသည့်ကြားမှ နေအိမ်သို့ပြန်လာချိန်တွင် ဖမ်းဆီးခံလိုက်ရခြင်းဖြစ်ကြောင်း သိရသည်။
မိုးညှင်းမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လှုပ်ရှားမှုများတွင် ပါဝင်သည့်လူငယ်များကို လိုက်လံဖမ်းဆီး၍ အရေးယူမှုများဆောင်ရွက်လျက်ရှိသည်။