တန့်ဆည်တွင် နေအိမ်အပြင်မထွက်ရန် စစ်ကောင်စီတားမြစ်ခြိမ်းခြောက်သဖြင့် ဒေသခံပြည်သူများအခက်အခဲဖြစ်နေ
စစ်ကိုင်းတိုင်း တန့်ဆည်မြို့တွင် အိမ်ပြင်ထွက်ပါက စစ်ကောင်စီတပ်ဖွဲ့ဝင်များ လိုက်လံရိုက်နှက်သောကြောင့် အပြင်ထွက်ရန် ခက်ခဲပြီး ကျန်းမာရေးနှင့် စားရေးသောက်ရေးအတွက် အခက်အခဲဖြစ်နေကြောင်း သိရသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များက စက်တင်ဘာ ၅ ရက်နေ့မှစတင်ကာ လုံခြုံရေးတင်းကြပ်စွာချထားပြီး ဒေသခံပြည်သူများကို နေအိမ်မှ အပြင်သို့ ထွက်ခွင့်မပြုဘဲ တွေ့ရှိပါက ရိုက်နှက်သည်ဟု အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။

တန့်ဆည်တွင် နေအိမ်အပြင်မထွက်ရန် စစ်ကောင်စီတားမြစ်ခြိမ်းခြောက်သဖြင့် ဒေသခံပြည်သူများအခက်အခဲဖြစ်နေ

 

“ဘာလို့မထွက်ခိုင်းတာလဲတော့ မသိဘူး ထွက်ရင်တချို့တော့ ရိုက်ခံရတယ်။ သူတို့မတွေ့အောင် ထွက်ရင်တော့ ဘာမှ မဖြစ်ဘူး။ တချို့ကိုတော့ ထွက်ရင်ပစ်မယ်ပြောတယ်။ နဂိုက ဝယ်ထားတဲ့ဟာတွေ ချက်စားနေတယ် ရက်ကြာလာရင်တော့ ငတ်သေမှာပေါ့။ ကျန်းမာရေးမကောင်းသူ ရှိရင်တောင် ဆေးခန်းသွားဖို့ ခက်ခဲတယ်” ဟု သူကပြောသည်။
ဈေးဆိုင်ရောင်းချသူများကို ယနေ့နံနက် ၈ နာရီခန့်၌ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပုပ်သိုးနိုင်သော ပစ္စည်များလာရောက်သိမ်းဆည်းခိုင်းပြီး ဈေးရောင်းချသည်ကို တွေ့ရှိက ဆဲဆိုမှုများပြုလုပ်သည်ဟု အခြားဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။
“ခါတိုင်းရက်တွေက ဈေးသည်တွေလည်းဈေးမရောင်းရဘူး။ ဒီမနက်တော့ ဆိုင်ခန်းတွေထဲမှာ သိမ်းထားတဲ့ ပုပ်မယ့်ပစ္စည်းတွေ လာယူခိုင်းတယ်လို့ပြောလို့ ထွက်ကြတာ အနီးအနားရွာက သူတွေလာဝယ်ကြတယ်။ အဲ့တာ ပစ္စည်းသယ်ခိုင်းတာကို ဆိုင်ဖွင့်ရောင်းနေလို့ဆိုပြီး ဆဲရေးတိုင်းထွာပြီး ပြန်ပိတ်ခိုင်းတယ်” ဟု သူကပြောသည်။
စစ်ကိုင်းတိုင်း တန့်ဆည်မြို့၊ လမ်းဆုံ ဈေးသစ်အနောက်၌ စက်တင်ဘာ ၄ ရက်နေ့ ညနေ ၅ နာရီခွဲဝန်းကျင်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ဦး ပစ်သတ်ခံရပြီးနောက် စက်တင်ဘာ ၅ရက်နေ့မှစ၍ စစ်ကောင်စီတပ်များ မြို့တွင်းလုံခြုံရေးတင်းကြပ်ကာ အိမ်ပြင်ထွက်ခွင့် ပိတ်ပင်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။
ပုံ – စစ်ကိုင်းတိုင်း တန့်ဆည်မြို့တွင် စက်တင်ဘာ ၁၁ ရက်နေ့က ရိုက်ကူးထား‌ေသာပုံဖြစ်သည်။
သင့်ထင်မြင်ချက်ရေးပေးပါ