မိုးကောင်းချောင်းရေ မြှင့်တက်လာသောကြောင့် ချောင်းဘေးနေပြည်သူများနှင့် မြေနိမ့်ရပ်ကွက်နေ ပြည်သူများ စိုးရိမ်နေ

ယခုရက်ပိုင်းအတွင်း မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ကချင်ပြည်နယ်၊ မိုးကောင်းမြို့ရှိ မိုးကောင်းချောင်းရေသည် စိုးရိမ်ရေအမှတ်သို့ ရောက်ရှိရန် ၅၀ စင်တီမီတာခန့်သာ လိုတော့ကြောင်းသိရသည်။

မိုးကောင်းချောင်းရေ မြှင့်တက်လာသောကြောင့် ချောင်းဘေးနေပြည်သူများနှင့် မြေနိမ့်ရပ်ကွက်နေ ပြည်သူများ စိုးရိမ်နေ

 

မိုးကောင်းချောင်း၏ စိုးရိမ်ရေအမှတ်မှာ (၆၀၀)စင်တီမီတာဖြစ်ပြီး မြို့နယ်မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာန၏ ယနေ့ နေ့လယ် (၁၂)နာရီခွဲအချိန် တိုင်းထွာချက်အရ (၅၄၈ )စင်တီမီတာသို့ ရောက်ရှိနေသည်။
ထိုသို့ မိုးကောင်းချောင်းရေ မြှင့်တက်လာမှုကြောင့် ချောင်းဘေးရှိနေအိမ်များနှင့် မြေနိမ့်ပိုင်းရပ်ကွက်များတွင် ရေများဝင်ရောက်မှုရှိလာသည့်အတွက် စိုးရိမ်မှုရှိနေသည်ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။
“ဒီနေ့အထိ တက်နေတုန်းပဲ။ တချို့အရှေ့ရပ်ကွက်(၁)တွေထဲကို အိမ်တွေထဲရေဝင်နေပြီ။ အဓိကကတော့ ရေတက်နှုန်း ဒီထက်ပိုမြင့်မားလာမယ်ဆိုရင် ချောင်းနားကအိမ်တွေက ရေတိုက်စားမှုကြောင့် ပါသွားနိုင်တဲ့ အခြေအနေရှိတယ်။ အဲ့ဒါကြောင့် အဲ့လိုမျိုးတွေ မဖြစ်ပါစေနဲ့လို့ပဲ ဆုတောင်းနေတာပေါ့။ အခုလောလောဆယ်တော့ အနိမ့်ပိုင်း ရပ်ကွက်တွေထဲကို ရေကအလုံးအရင်းတော့ဝင်လာပြီ”ဟု ပြောသည်။
နိုင်ငံရေးနှင့် ကိုဗစ်-၁၉ ကပ်ရောဂါ အခြေအနေကြောင့် ခက်ခဲမှုများကြုံတွေ့နေရသည့်အပြင် လက်ရှိ ရေဘေးထပ်မံ ကြုံတွေ့လာရပါက ပြည်သူများအတွက် ပိုမိုခက်ခဲလာနိုင်ကြောင်း သူကဆက်ပြောသည်။
“ဒီလိုရေတက်လာတဲ့အချိန် အနိမ့်ပိုင်းမှာ နေတဲ့သူတွေက နွမ်းပါးတဲ့သူတွေ ပိုများလာတဲ့ အခါကျတော့ အဓိက ထိခိုက်မယ့်သူကတော့ တစ်နေ့လုပ် တစ်နေ့စားနဲ့ မရှိဆင်းရဲသားတွေက ပိုများတယ်”ဟုပြောသည်။
မိုးကောင်းချောင်းသည် ယမန်နှစ်က ရေကြီးရေလျှံ့မှုကြောင့် ချောင်းဘေးရှိ နေအိမ်နှစ်လုံးမျောပါ ပျက်စီးသွားခဲ့သည့်အပြင် ပြည်သူအချို့လည်း မြေအမြင့်ပိုင်း ရပ်ကွက်များမှ စာသင်ကျောင်းနှင့် ဘုန်းကြီးကျောင်းများတွင် သွားရောက် နေထိုင်ခဲ့ရကြောင်း သိရသည်။

Photo : CJ

သင့်ထင်မြင်ချက်ရေးပေးပါ