ဘူးဂါးလျှပ်စစ်ရုံးမှ ဝန်ထမ်းများ

စစ်ကောင်စီမှ ဩဂုတ်လ ကိုးရက်နေ့က ဖမ်းဆီးသွားသော ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့ရှိ ဘူးဂါးလျှပ်စစ်ရုံးခွဲမှ ဝန်ထမ်းခြောက်ဦးသည် ယနေ့အချိန်အထိ မိသားစုနှင့်တွေ့ခွင့်မရသေးကြောင်း သိရသည်။

ဘူးဂါးလျှပ်စစ်ရုံးမှ ဝန်ထမ်းများ

ဖမ်းဆီးခံရသော ဝန်ထမ်းခြောက်ဦးကို မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိ စစ်ကြောရေးတွင် စစ်ဆေးနေကြောင်း သတင်းရင်းမြစ်တစ်ဦးက The 74 Media ကိုပြောသည်။
“စစ်ကြောရေးဝင်ရဦးမှာမလို့ သုံးရက်လောက်ကြာမယ်လို့ပြောတယ်။ အဲ့ဒါမေးပြီးရင် လွှတ်ပေးမယ်လို့ပြောတယ်။ အဲ့ဒါနောက်ဆုံးရတဲ့ သတင်းဘဲ။ မိသားစုနဲ့တွေ့ခွင့်မရဘူးလေ။ ဘာအမှုနဲ့ဖွင့်တာလည်း မသိရသေးဘူး” ဟုပြောသည်။
ဖမ်းဆီးခံရသူ ခြောက်ဦးမှ ငါးဦးကို လွှတ်ပေးမည်ဟု စစ်ကောင်စီကပြောဆိုနေသော်လည်း လက်ရှိအချိန်အထိ မည်သူ့ကိုမှ လွတ်ပေးခြင်းမရှိသေးကြောင်း သူကဆက်ပြောသည်။
“သောကြာနေ့က ငါးယောက်ကို လွှတ်ပေးမယ်ပြောပြီး တစ်ယောက်ကို ထပ်စစ်ဆေးမယ်လို့ပြောတယ်။ ဒါပေမဲ့ မလွတ်လာဘူး။ စနေနေ့ ပြန်မေးကြည့်တော့ စစ်ကြောရေးဝင်ရဦးမှာမို့ သုံးရက်လောက်ကြာမယ်လို့ပြောတယ်”ဟု ပြောသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဩဂုတ်လ ၉ ရက်နေ့ ညပိုင်းက ဝိုင်းမော်မြို့ရှိ ဘူးဂါးလျှပ်စစ်ရုံးခွဲအား ဝင်ရောက်မွှေနှောက်ရှာဖွေကာ ဝန်ထမ်း ခြောက်ဦးကို ဖမ်းဆီးသွားခြင်းဖြစ်သည်။
ဖမ်းဆီးခံခဲ့ရသော ဝန်ထမ်းများမှာ တိန့်ဇုန်း၊ ဆင်ဝါးတူး၊ ရန်နိုင်လင်း၊ သန့်ဇင်မျိုး၊ ခိုင်မျိုးသူ နှင့် လုပ်အားပေးလုပ်ကိုင်နေသော ဆိုင်းဂူတို့ဖြစ်ပြီး စစ်ကောင်စီတပ်က မည်သည့် အကြောင်းအရင်းကြောင့် ဖမ်းဆီးသွားသည်ကို မသိရှိရသေးပါ။
ဘူးဂါးလျှပ်စစ်ဖြန့်ဖြူးရေးကုမ္ပဏီသည် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO/KIA) ပိုင်သည့် ကုမ္ပဏီတစ်ခုဖြစ်ပြီး မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့များသို့ လျှပ်စစ်ဓါတ်အားဖြန့် ဖြူးပေးနေသည်။

ပုံ/ မြစ်ကြီးနားဘူးဂါးလျှပ်စစ်ရုံးမှ ဝန်ထမ်းအချို့ကို တွေ့ရစဉ်။

သင့်ထင်မြင်ချက်ရေးပေးပါ