ပြည်သူ့စစ်မှုထမ်းဥပဒေ အတည်ပြုပြဌာန်းခဲ့ပြီးနောက် နိုင်ငံတကာအလုပ်အကိုင် ရှာဖွေရေးနှင့် ဗီဇာဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်သူများတွင် ဗီဇာလျှောက်ထားသူများနှင့် ပြောဆိုမေးမြန်းမှု အဆမတန်များလာနေကြောင်း သိရသည်။

အခြားနိုင်ငံသို့ပြောင်းရွှေ့နေထိုင်ရန်၊ နိုင်ငံခြားသို့ထွက်ခွာရန် လာရောက်မေးမြန်းသူနှင့် လျောက်ထားသူများမှာ ယခင်အချိန်ထက် သုံး၊ လေးဆခန့် မြင့်တက်လာသည်ဟု နိုင်ငံတကာ ဗီဇာဝန်ဆောင်မှုလုပ်ငန်းတစ်ခုက The 74 Media ကိုပြောသည်။

“ပုံမှန်အချိန် ရုံးပိတ်ရက် စနေနဲ့ တနင်္ဂနွေဆို ဧည့်သည်မလာဘူး။ အခုဆိုပိတ်ရက်တွေမှာလည်း တော်တော်များလာတယ်။ နောက်ဆိုရင် ကျွန်မတို့လည်း ရုံးပိတ်တွေမှာတောင် ဖွင့်ပြီးတော့ လုပ်ရမယ့်အနေအထားဖြစ်လာတာ။ ကျွန်မတို့လည်း ဘာလုပ်လို့လုပ်ပေးရမှန်းမသိဘူး လမ်းပျောက်တယ်” ဟုပြောသည်။

အချိန်ကြာကြာနေထိုင်နိုင်မည့် ဗီဇာအမျိုးအစားနှင့် အစောဆုံးတက်ရောက်နိုင်မည့်ကျောင်းကို မေးမြန်းမှုပိုများကြောင်းသိရပြီး တစ်ရက်လျှင်ဖုန်းဆက်မေးမြန်းသူများနှင့် လူမှုကွန်ရက်စာမျက်နှာမှ လာရောက်မေးမြန်းသူ ငါးဆယ်ဦးခန့်ရှိကြောင်း သူကဆိုသည်။

ရပ်ကျေးအဆင့်မှ နိုင်ငံတော်အဆင့်အထိ ဆင့်ခေါ်စာများဖြင့်ခေါ်ယူမည်ဖြစ်သောကြောင့် ရှောင်လွှဲရန်ခက်ခဲနေပြီး နိုင်ငံခြားသို့ ထွက်ခွင့်မရပါက တော်လှန်ရေးတပ်ဖွဲ့များထံ ဝင်ရောက်သွားမည်ဖြစ်ကြောင်း အသက် ၂၀ ကျော်ခန့်အရွယ်ရှိ နိုင်ငံခြားထွက်ရန်ပြင်ဆင်နေသည့် လူငယ်တစ်ဦးက ပြောသည်။

“စစ်ကောင်စီတွေက ပြည်သူတွေကို အသုံးချဖို့ပြင်နေတာ။ သူတို့ရဲ့ပြည်သူ့စစ်တွေကိုတောင် လက်နက်အပြည့်အစုံ မတပ်ဆင်ပေးနိုင်တာ ပြည်သူတွေကို အခုလိုပြောတာက လူသားဒိုင်းကာအဖြစ် ရှေ့မှာသွားခိုင်းမယ်လို့တော့ထင်တယ်။ သူတို့အတင်းစည်းရုံးမယ်ဆိုရင်တော့ ရွေးချယ်စရာမရှိတော့ဘူး တော်လှန်ရေးတပ်ဖွဲ့ထဲပဲဝင်ဖြစ်မယ်” ဟုပြောသည်။

လူမှုကွန်ရက်စာမျက်နှာများတွင် ရေးသားနေကြသကဲ့သို့ ဘာသာရေး၊ သီလရှင်ဝတ်ခြင်းနှင့် အိမ်ထောင်ပြုခြင်းတို့မှာ ယခုကိစ္စကိုဖြေရှင်းနိုင်မည့် နည်းလမ်းမဟုတ်သောကြောင့် လူငယ်တစ်ဦးအနေဖြင့် ဘဝရှေ့ရေးအတွက် နိုင်ငံခြားကျောင်းတက်ရန် ရွေးချယ်လိုက်ခြင်းဖြစ်ကြောင်း သူကဆက်ပြောသည်။

ပြည်သူ့စစ်မှုထမ်းဥပဒေကို၂၀၁၀ ခုနှစ် နိုဝင်ဘာလ ၄ ရက်နေ့တွင် ရေးဆွဲခဲ့ကာ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်နေ့က အတည်ပြုပြဌာန်းခဲ့ပြီး လာမည့်ဧပြီလမှစတင်ကာ အကောင်ထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီက အဆိုပါဥပဒေပြဌာန်းပြီးနောက် တော်လှန်ရေးတပ်ဖွဲ့များကလည်း တပ်သားသစ်များ ဖိတ်ခေါ်ကြောင်း ထုတ်ပြန်ခဲ့ကြပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၏ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ ရန်ကုန်တိုင်းစစ်ဌာနတွင်လည်း လျှောက်လွှာစတင်လက်ခံသည့် ၁၂ နာရီအတွင်း လျှောက်လွှာတစ်ထောင်ခန့်ရရှိခဲ့ကြောင်း ထုတ်ပြန်ထားသည်။

သတင်း – Dureng

 

သင့်ထင်မြင်ချက်ရေးပေးပါ