မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက်ရှိ အိမ်ခန်းတန်းလျားတစ်ခုမှ လူငယ်သုံးဦးကို ယနေ့နံနက် ၄ နာရီခန့်က အရပ်ဝတ်နှင့်လူတစ်စုက လာရောက်ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

ရွှေလမ်းမတွင် အိမ်ခန်းငှားနေသည့် အသက် ၂၀ နှင့် ၃၀ ကြားရှိ လူငယ်များကို စစ်ကောင်စီတပ်သားနှင့်ရဲဟု ယူဆရသည့် လူအုပ်စုက လက်ထိပ်ခတ်ကာ လာရောက်ဖမ်းဆီးခေါ် ဆောင်သွားခြင်းဖြစ်သည်ဟု နီးစပ်သူတစ်ဦးက The 74 Media ကိုပြောသည်။

“ကြည့်ရသလောက်တော့ တောဘက်ကသူတွေမဟုတ်ဘူး သေနတ်တွေလည်းပါတယ်၊ တချို့က သေနတ်အတိုနဲ့။ ရောက်တာနဲ့ တံခါးဖွင့်၊ တံခါးဖွင့်ဆိုပြီး ပြောကြတာ။ နင်တို့တွေ ဘာလုပ်တဲ့ကောင်တွေလဲလို့လည်း မေးတယ်။ ဘာမှမလုပ်ပါဘူးလို့ ပြန်ပြောကြတော့ လာလာလိုက်ခဲ့ကြဆိုပြီး ခေါ်သွားကြတာ” ဟုပြောသည်။

မည်သည့်အကြောင်းအရင်းကြောင့် ဖမ်းဆီးခံရသည်ကို မသိရှိရဘဲ ရဲကားနှင့် ဆိုင်ကယ်များဖြင့် လာရောက်ခေါ်ဆောင်သွားခြင်းဖြစ်ပြီး အဆိုပါလူငယ်များ၏ 125 အမျိုးအစားဆိုင်ကယ်နှစ်စီးကိုလည်းယူသွားကြောင်း အမည်မဖော်လိုသည့် အမျိုးသမီးတစ်ဦးက ပြောသည်။

“သူများပြောတာတော့ သတင်းပေးခံရတာ ဖြစ်နိုင်တယ်လို့လည်းပြောကြတယ်။ ညဘက်လျောက်လည်ရင်းနဲ့ နောက်ကလိုက်လာတာလည်း ဖြစ်နိုင်တယ်လို့ ပြောကြတာပဲ။ ဘာကြောင့်မှန်းလည်း မသိဘူး” ဟုပြောသည်။

ဖမ်းဆီးခံရသည့် လူငယ်သုံးဦးမှာ အသက် ၃၀ နှစ်ခန့်အရွယ်ရှိ ဇော်ဒီးအောင်၊ အသက် ၂၅ နှစ်ခန့်အရွယ်ရှိ အာဝူဆိုသူနှင့် လီဆူလူငယ်တစ်ဦးတို့ဖြစ်ကြောင်းသိရပြီး အိမ်ခန်းငှားရမ်းနေထိုင်သည်မှာ သုံးလခန့်ရှိပြီဖြစ်ကြောင်း သိရသည်။

အဆိုပါလူငယ်သုံးဦးကို လက်ရှိအချိန် မည်သည့်နေရာတွင်ဖမ်းဆီးထားသည်ကို မသိရသေးဘဲ The 74 Media က ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

ယခုရက်ပိုင်းအတွင်း မြစ်ကြီးနားမြို့ပေါ်ရပ်ကွက်အချို့တွင် လူငယ်များ မကြာခဏဖမ်းဆီးခံနေရသည်ဟု သတင်းများထွက်ပေါ်နေပြီး ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၂ ရက်နေ့ညကလည်း စီတာပူရပ်ကွက် ဒေသအခေါ် ဂျပန်လမ်းနှင့် မနောဥယာဉ်လမ်းထောင့်ရှိ အမှိုက်ပုံအနီးတွင် ကားတစ်စီးဖြင့် လူငယ်တစ်စုကို ဖမ်းဆီးသွားကြောင်း Manau Voice သတင်းဌာနတွင်ဖော်ပြခဲ့သည်။

သတင်း – Zami

ပုံ – မြစ်ကြီးနားမြို့လယ်တစ်နေရာ (ပုံဟောင်းဖြစ်သည်)

သင့်ထင်မြင်ချက်ရေးပေးပါ