မြေရှားသတ္တုစမ်းသပ်တူးဖော်ရေးလုပ်ငန်း ကန့်ကွက်သည့်ဒေသခံများကို ကချင်လွတ်မြောက်ရေးတပ် (KIA) တပ်ဖွဲ့ဝင်များက မိုင်းဖြင့်ဖြိုခွင်းပြီး ချီဖွေမြို့နယ်၊ ဖရဲဒေသခံပြည်သူ ၅၀ ခန့်ကို ဖမ်းဆီးထားကြောင်းဒေသခံများထံမှသိရသည်။

ဒေသခံများက ပြီးခဲ့သည့်ဖေဖော်ဝါရီလ ၉ ရက်နေ့က ကန့်ကွက်ကြောင်း ဆန္ဒပြရန် စုဝေးနေချိန် မိုင်းဖြင့်ဖြိုခွင်းခံခဲ့ရခြင်းဖြစ်ပြီး သက်ကြီးရွယ်အိုများအပါအဝင်၊ ဘာသာရေးဆရာ၊ ကျောင်းဆရာနှင့် လူငယ်များဖမ်းဆီးခံထားရကာ အချို့မှာထွက်ပြေးတိမ်းရှောင်နေရသည်ဟု လုံခြုံရေးကြောင့် အမည်မဖော်လိုသူ ဒေသခံအမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“ဆန္ဒပြဖို့ သင်းထောက်တစ်ယောက်အိမ်ရှေ့ စုဝေးနေတဲ့အချိန် KIA စစ်သားတွေ ဗုံးနဲ့ပစ်လိုက်လို့  တစ်ယောက်ကတော့ ပါးမှာ နည်းနည်းထိသွားတယ်။ ဗုံးပစ်ပြီးတဲ့နောက် ဒေသခံတွေကို လိုက်ဖမ်းလို့ ဒဏ်ရာရသူ ဘယ်လောက်ဆိုတာတော့ စာရင်းမရလိုက်ဘူး။ အခုလည်း လူငယ်တချို့က ဖမ်းခံရမှာကြောက်လို့ တောထဲထွက်ပြေးနေရတယ်” ဟုပြောသည်။

လက်ရှိ ဖရဲဒေသခံပြည်သူများ၏ သောက်သုံးရေအရင်းအမြစ်တည်ရှိရာ အေဒေါင်ဟောချောင်း (E Dau Haw Hka)၊ မောင်းရိဟောချောင်း (Mau Yi Haw Hka) တစ်လျှောက်နှင့် စိုက်ပျိုးမြေနေရာများသို့ မြေရှားသတ္တု စမ်းသမ်းတူးဖော်ခွင့်ပြုခဲ့သောကြောင့် ထပ်မံကန့်ကွက်ခြင်းဖြစ်ကြောင်း ဖရဲဒေသခံလူငယ်တစ်ဦးက ပြောသည်။

“မနှစ်တုန်းကလည်း ကန့်ကွက်ခဲ့တယ်။ ဒါပေမဲ့ KIO ဌာနချုပ်ရဲ့ စီမံချက်ဖြစ်တဲ့အတွက် ဒေသခံတွေက ဘယ်လိုမှမတတ်နိုင်တော့လို့ ဒီအတိုင်းနောက်ဆုတ်ပေးလိုက်ရတာ။ အခုက တောင်ယာလုပ်တဲ့နေရာတစ်ဝိုက်နဲ့ သူတို့ (KIA) က‌ သောက်သုံးရေစီစဉ်ပေးထားတဲ့နေရာတစ်လျှောက် နေရာအသစ်မှာ ကုမ္ပဏီတွေကို တပ်မဟာ (၇) ခွင့်ပြုမိန့်ဆိုပြီး မြေရှားပြန်စမ်းသပ်မယ်ဆိုတော့ ဒေသခံတွေ ပြန်ကန့်ကွက်ကြတာပါ” ဟုပြောသည်။

“ရွှေကား” ဟုအမည်ရသည့် ‘ဝ’ ကုမ္ပဏီက မြေရှားသတ္တုစမ်းသပ်တူးဖော်နေခြင်းဖြစ်ပြီး KIA တပ်မဟာ (၇) နယ်မြေ၊ စီးပွားရေးဌာန (Sut Masa Rung) က ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၂၆ ရက်နေ့မှ မတ်လ ၂၅ ရက်နေ့အထိ ထိုကုမ္ပဏီကို စမ်းသပ်တူးဖော်ခွင့်ပြုထားကြောင်း သိရသည်။

အဆိုပါဒေသတွင် ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ ဖြတ်တောက်ခံထားရပြီး တစ်ခုတည်းသော ကျေးရွာချင်းဆက်လမ်း တစ်နေရာတွင်လည်း KIA တပ်မဟာ ၇ တပ်ဖွဲ့ဝင်များက လမ်းသွားလမ်းလာပြည်သူများ၏ ဖုန်းကို စစ်ဆေးမှုများပြုလုပ်နေကြောင်း အခြားဒေသခံလူငယ်ကဆက်ပြောသည်။

“ရွာထဲမှာလည်း စစ်ရှောင်တွေနေတဲ့နေရာဘက်သွားဖို့ လမ်းမှာက စစ်သားတွေ ဖုန်းတွေစစ်တယ်။ ဆန္ဒပြတဲ့ ရုပ်သံဖိုင်နဲ့ ပုံတွေတွေ့ရင် အကုန်ဖျက်ခိုင်းလိုက်တာ။ သတင်းတိုက်နဲ့ အဆက်အသွယ်ရှိတဲ့သူတွေကိုလည်း ဖမ်းထားတယ်။ ဖုန်းလိုင်း အင်တာနက်လိုင်းတွေ ဖြတ်ထားပေးတာ” ဟုပြောသည်။

ဖမ်းဆီးချုပ်နှောင်ခံထားရသည့် ဒေသခံများကို အမြန်ဆုံးပြန်လွတ်ပေးရန်နှင့် ကန့်ကွက်သည့်ဒေသခံများကို ဖမ်းဆီးထောင်ချမည်ဟု ခြိမ်းခြောက်ပြောဆိုသည့် တပ်မဟာမှူးကို ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ဗဟိုကောင်စီမှ အရေးယူပေးရန် ဒေသခံများက တောင်းဆိုနေကြောင်း ဖရဲဒေသခံအမျိုးသားတစ်ဦးက ဆက်ပြောသည်။

“အခုတပ်မဟာမှူးက မြေရှားနဲ့ပတ်သက်ပြီး ဒေသခံတွေနဲ့ ဆွေးနွေးတိုင်ပင်တာလည်း မရှိဘူး။ ဖြေရှင်းပေးဖို့အကြိမ်ကြိမ်ပြောပေမဲ့ ဖြေရှင်းပေးဖို့အစား ကန့်ကွက်တဲ့သူတွေကို ဖမ်းတယ်၊ သေနတ်နဲ့ ပစ်ဖောက်ခြိမ်းခြောက်တယ်၊ ဗုံးနဲ့ပစ်တယ်။ သူကအမိန့်နဲ့ပဲပြောဆိုတယ်၊ ကွန်မြူနစ်တစ်ယောက်လို့ပဲ မြင်လာတယ်။ နောက်နောင်ဒီလိုပြဿနာတွေ ဖြစ်မလာဖို့ တပ်မဟာမှူးကို ပြောင်းလဲခန့်အပ်ဖို့ ဗဟိုဌာနက ကိုင်တွယ်ဖြေရှင်းပေးဖို့ ဒေသခံတွေအကုန်လုံးက လိုလားနေကြပါတယ်” ဟုပြောသည်။

ယခုဖြစ်စဉ်နှင့်ပတ်သက်ပြီး KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံကို The 74 Media က ဆက်သွယ်မေးမြန်းရန် ကြိုးစားနေဆဲဖြစ်သည်။

မြေရှားသတ္တုစမ်းသပ်တူးဖော်နေသည့် ကုမ္ပဏီဝင်းကို ပြီးခဲ့သည့် ဖေဖော်ဝါရီ ၆ ရက်နေ့က ဖရဲဒေသခံများ သွားရောက်ဖျက်ဆီးခဲ့ကြောင်းသိရသည်။

သတင်း – Pan Soon

ဓာတ်ပုံ – ပေးပို့

သင့်ထင်မြင်ချက်ရေးပေးပါ