မြစ်ကြီးနားမြို့၊ မန်ခိန်ရပ်ကွက် နယ်မြေ (၆) တွင် ယနေ့နံနက် ၇ နာရီအချိန်ခန့်က နေအိမ်တစ်လုံး မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

ပထမလီဆူနှစ်ခြင်းအသင်းတော်ဘုရားကျောင်း အနောက်ဘက်ခြမ်းရှိ နှစ်ထပ်အိမ်တစ်လုံး လျှပ်စစ်ဝါယာရှော့ခ်ကြောင့် မီးလောင်ခဲ့ခြင်းဖြစ်သည်ဟု အဆိုပါအိမ်အနီးတွင် နေထိုင်သူ အမျိုးသမီးတစ်ဦးက The 74 Media ကိုပြောသည်။

“ဝါယာ‌ရှော့ခ်ကြောင့်လို့ပြောကြတယ်။ အိမ်ကနှစ်ထပ်ထရံအိမ်နဲ့ အပေါ်ထပ်တစ်ခြမ်းလောင်သွားတယ်။ သူတို့ကပစ္စည်းကိုလည်း နည်းနည်းအပြင်ကို ထုတ်ထားတာတွေ့ရတယ်။ အားလုံးတော့မပါသွားဘူး။ ရပ်ကွက်ကလူတွေလာကူညီလို့ မီးသတ်ကားတွေလည်းလာလို့ တခြားနေအိမ်တွေကိုတော့ မီးမကူးသွားဘူး” ဟုပြောသည်။

မီးသတ်ကားလေးစီးဖြင့် လာရောက်မီးငြိမ်းသတ်ခဲ့ပြီး ထိခိုက်သည့်လူနာမရှိကြောင်း မျိုးဆက်သစ်လူမှုကယ်ဆယ်ရေးအသင်းတာဝန်ရှိသူက ပြောသည်။

“ကျွန်တော်တို့သွားတဲ့အချိန်မီးက ငြိမ်းနိုင်သွားပြီ။ လူထိခိုက်တာမရှိတော့ ပြန်လာခဲ့လိုက်တယ်။ နေအိမ်ကလောင်တာကတော့ တစ်လုံးပဲလောင်တယ်” ဟုပြောသည်။

မီးလောင်ခဲ့သည့် နေအိမ်မှာ အိမ်အပေါ်ထပ်ကို ထရံကာထားပြီး အောက်ထပ်ကို သွပ်ဖြင့်ကာထားသော နှစ်ထပ်အိမ်ဖြစ်သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၁ ရက်နေ့ညနေ ၄ နာရီခန့်ကလည်း မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက်၊ စံပြနယ်မြေတွင် နေအိမ်လေးလုံး မီးလောင်ပျက်စီးခဲ့သည်။

သတင်း – Doi Awng

ဓါတ်ပုံ – ပေးပို့

သင့်ထင်မြင်ချက်ရေးပေးပါ