မြစ်ကြီးနားမြို့ မနောင်ကွင်းတွင် ဂီတပွဲတော်တစ်ခုကို ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် ကျင်းပရန်ပြင်ဆင်နေပြီး နိုင်ငံရေးအခြေအနေကြောင့် ထိုပွဲကို လူငယ်အများစုက ပါဝင်ဆင်နွှဲမည်မဟုတ်ကြောင်း The 74 Media က မေးမြန်းခဲ့သော မြစ်ကြီးနား ဒေသခံများဆိုသည်။

Dragon Music Festival ဟု အမည်ပေးထားသည့် ခေတ်ပေါ်တေးဂီတဖျော်ဖြေပွဲကို စီတာပူရပ်ကွက်ရှိ မနောင်ကွင်းတွင် ကျင်းပပြုလုပ်ရန်ပြင်ဆင်နေခြင်း ဖြစ်သည်။

အဆိုပါပွဲသည် စစ်မှုမထမ်းမနေရဥပဒေထုတ်ထားသောကာလအတွင်း ကျင်းပသောကြောင့် ပါဝင်မည်မဟုတ်ဟု ဆိုင်ကယ်အရောင်းအဝယ်ပြုလုပ်သည့် အသက် ၂၄ နှစ်ခန့်အရွယ် လူငယ်တစ်ဦးက The 74 Media ကိုပြောသည်။

“မသွားပါဘူး။ ဒီအချိန်လောက် မလုံခြုံတဲ့အချိန်ကြီးမှာ ဘယ်အချိန် ဘာထဖြစ်မယ်မှန်းမသိတာကို သတိသထားနဲ့နေတာကအကောင်းဆုံးပါ။ အဲ့လိုနေရာမှာပိုက်ဆံအကုန်ခံ အပျော်လိုက်နေရမဲ့ အချိန်မှမဟုတ်တော့တာ” ဟုပြောသည်။

နိုင်ငံရေးမတည်မငြိမ်ဖြစ်နေသောကြောင့် ဂီတပွဲတွင်ပါဝင်ဆင်နွှဲပြီး ပျော်ရွှင်နိုင်မည်မဟုတ်ကြောင်း ယုဇနရပ်ကွက်နေ လူငယ်တစ်ဦးကဆက်ပြောသည်။

“ပွဲသွားဖို့မရှိဘူး။ အဲဒီပွဲစီစဉ်နေတာတော့သိတာကြာပြီ၊ ကြော်ငြာတွေရောပဲ။ အခုချိန်မှာ ဒါတွေသွားပြီး ပျော်ချင်စိတ် မရှိဘူးလေ။ အေးအေးဆေးဆေးဖြစ်မှပဲသွားတာ ပိုကောင်းပါတယ်။ သွားရင်လည်း ပျော်စရာမှမတွေ့တာ” ဟုပြောသည်။

ပွဲစီစဉ်သူများကလည်း ၎င်းတို့၏ လူမှုကွန်ရက်စာမျက်နှာတွင် ပွဲအကြောင်းနှင့်ပတ်သက်ပြီး လိုက်လံမေးမြန်းကာ လက်မှတ်များပေးဝေခဲ့ရာ လူငယ်အချို့မှာလည်း ပွဲသွားမည်ဟု ဖြေကြားထားသည်ကို တွေ့ရသည်။

အများပြည်သူအခက်အခဲနှင့် ကြုံတွေ့နေရချိန် ယခုကဲ့သို့သောပွဲများ မပြုလုပ်သင့်ကြောင်းနှင့်လူငယ်များအနေဖြင့်လည်း မပါဝင်ကြပါရန်တိုက်တွန်းကြောင်း အမည်မဖော်လိုသူ ကချင်အနုပညာရှင်တစ်ဦးကပြောသည်။

“ထမင်းစားတဲ့သူတွေကြီးပဲလေ။ ဘယ်သူမှမပြောပြလည်း လုပ်သင့်၊ မလုပ်သင့်၊ သွားသင့်၊ မသွားသင့်ဆိုတာ လက်ရှိအခြေအနေကို ကိုယ်တိုင်နားလည်သင့်တယ်။ အခုချိန်မှာ စစ်ရှောင်တွေနဲ့ ခက်ခဲနေတဲ့ပြည်သူတွေကို စော်ကားရာလည်းကျတယ်လေ။ ပိုပြီးတော့ပြောချင်တာတော့ လူငယ်တွေ ဒီလိုအချိန်မှာ အများအကျိုးပြုနဲ့ ပညာရေးမှမဟုတ်ရင်တော့ အခုလိုပွဲတွေကို သွားလာနေတာမျိုး မလုပ်စေချင်ဘူး ဂရုစိုက်ကြပါ” ဟုပြောသည်။

The 74 Media က ဆက်သွယ်မေးမြန်းခဲ့သည့် လူငယ်အများစုမှာလည်း ဖမ်းဆီးခံရမည်ကို စိုးရိမ်သောကြောင့် သွားမည်မဟုတ်ကြောင်း ပြန်လည်ဖြေကြားခဲ့ကြသည်။

အဆိုပါဂီတပွဲတွင် ပွဲဝင်ကြေးအနေဖြင့် တစ်ဦးလျှင် ငွေကျပ်ခြောက်သောင်းခွဲမှ ရှစ်သောင်းခွဲခန့်ရှိပြီး VVIP Table တစ်ခုလျှင် ငွေကျပ်သိန်းနှစ်ဆယ်ဖြစ်ကြောင်း သိရသည်။

လာရောက်ဖျော်ဖြေမည့်သူများတွင် အဆိုတော် ရဲရင့်အောင်၊ လွှမ်းပိုင်၊ ထက်ယံ၊ မေရီနှင့် Young Hugo တို့ ပါဝင်မည်ဖြစ်ပြီး ပြီးခဲ့သည့်နှစ်က မြစ်ကြီးနားလေဆိပ်တွင် ဖမ်းဆီးစစ်ဆေးခံခဲ့ရသည့် DJ Violet နှင့် အခြား ဒီဂျေသမားများလည်း ပါဝင်မည်ဖြစ်ကြောင်းသိရသည်။

အဆိုပါ ဂီတပွဲကို ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၂၃ ရက်နေ့က မြစ်ကြီးနားမြို့ မိုးလုံလေလုံကွင်းတွင် ကျင်းပရန်စီစဉ်ခဲ့သော်လည်း ပြုလုပ်ခဲ့ခြင်းမရှိပါ။

သတင်း – Zami

သင့်ထင်မြင်ချက်ရေးပေးပါ