တော်လှန်ရေးအင်အားစုများသိမ်းယူထားသည့် စစ်ကိုင်းတိုင်း၊ ကောလင်းမြို့ကို စစ်ကောင်စီတပ်က မြို့အတွင်းထိထိုးဖောက်ဝင်ရောက်ကာ နေရာအများစုကို ပြန်လည်ထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီတပ်က ပြီးခဲ့သည့် ဖေဖော်ဝါရီလ သုံးရက်နေ့မှစတင်ကာ အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးနောက် ၁၀ ရက်နေ့တွင် မြို့အတွင်းထိ ထိုးဖောက်ဝင်ရောက်ခဲ့ခြင်းဖြစ်သည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက The 74 Media ကိုပြောသည်။

“ကောလင်းသတင်းကတော့ စိတ်မကောင်းစရာပဲဟုတ်တယ်။ လွန်ခဲ့တဲ့သုံးရက်လောက်ကနေ သူတို့(စစ်ကောင်စီ) မြို့ထဲကိုဝင်ထိုင်နိုင်ပြီ။ သူတို့ကအဓိကကျတဲ့နေရာတွေမှာ နေရာယူထားနိုင်တယ်လို့ပြောတယ်။ ဒီနေ့ကတော့ ဘာတိုက်ပွဲမှမကြားမိသေးဘူး၊ မနေ့ကတော့ တိုက်ပွဲဖြစ်တယ်။ နှစ်ဖက်အထိခိုက်အကျအဆုံးတော့မသိဘူး” ဟုပြောသည်။

မြို့အဝင်ရှိ ကားကြီးဝင်းအပါအဝင် ထွေအုပ်ရုံး၊ ရဲစခန်းနှင့် မြန်မာ့စီးပွားရေးဘဏ် စသည့်နေရာများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပြန်လည်တပ်စွဲထားပြီဖြစ်ကြောင်း ကာကွယ်ရေးတပ်ဖွဲ့ဝင် အခြားတစ်ဦးကဆက်ပြောသည်။

“သူတို့အခုလက်ရှိကတော့ မြို့ထဲမှာတွေ ထွေအုပ်မှာရှိတယ်၊ ရဲစခန်းမှာလည်းရှိတယ်။ ကောလင်းအဝင် ကားကြီးဝင်း။ အနောက်ခြမ်းဆိုရင်တော့ ကရာကုန်းအထိ စစ်ကောင်စီတွေထိုးထားတာ။ ဒီအနေထားနဲ့ဆိုရင်တော့ ကောလင်းမြို့ကို (စစ်ကောင်စီ) ဘက်က ၈၀ ရာခိုင်နှုန်းလောက်တော့ အသာစီးရထားတာပေါ့ လက်ရှိကတော့။ နောက်ထပ်လည်း ကိုးတောင်ဘို့ကလာတဲ့ စစ်ကြောင်းတွေရောက်နေတယ်” ဟုဆိုသည်။

မြိုခံပြည်သူများမှာလည်း ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရပြီး ဝန်းသိုမြို့နယ်မှ ကောလင်းမြို့သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ယမန်နေ့က ငပွေးကြီး၊ ငပွေးလေးစသည့်ကျေးရွာများရှိ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သူက ဆက်ပြောသည်။

Kawlin Revolution – KR ကလည်း ၎င်းတို့၏ လူမှုကွန်ရက်စာမျက်နှာတွင် “ကောလင်းမြို့၏ အဓိကကျသော နေရာများအား စစ်ကောင်စီမှ အပြည့်အဝထိန်းချုပ်ထားပြီးဖြစ်ပြီး တိုက်ပွဲများ လတ်တလော ခေတ္တငြိမ်သက်နေကြောင်း” ဟု အသိပေးထုတ်ပြန်ထားသည်။

လက်ရှိအချိန်တွင် တော်လှန်ရေးအင်အားစုများအနေဖြင့် ကောလင်းမြို့မှစတင် တပ်ဆုတ်နေပြီဖြစ်ကြောင်း မြေပြင်သတင်းအရင်းများထံမှသိရသော်လည်း The 74 Media က သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါ။

စစ်ကောင်စီက ကောလင်းမြို့ကို ပြန်လည်တိုက်ခိုက်ရန် ပြီးခဲ့သည့်ဖေဖော်ဝါရီလအစောပိုင်းမှစတင်ကာ ကန့်ဘလူမြို့ မြောက်ဘက်ရှိ ကိုးတောင်ဘို့ စစ်တပ်စခန်းနှင့် ဝန်းသိုမြို့များသို့ ရဟတ်ယာဉ်များဖြင့် အင်အားဖြည့်တင်းကာ ကောလင်းမြို့တောင်ဘက်နှင့်မြောက်ဘက်မှ အင်အား ကိုးရာခန့် စစ်ကြောင်းခြောက်ကြောင်းဖြင့် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ကောလင်းမြို့ကို တော်လှန်ရေးပူးပေါင်းတပ်များက ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၆ ရက်နေ့တွင် တိုက်ခိုက်သိမ်းယူခဲ့ပြီး အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ အုပ်ချုပ်ရေးစနစ်လည်ပတ်ခဲ့သည့် မြို့လည်းဖြစ်သည်။

သတင်း – Thu Ta၊ Dureng

ဓါတ်ပုံ – ပုံဟောင်းဖြစ်သည်။

သင့်ထင်မြင်ချက်ရေးပေးပါ