စစ်ကောင်စီတပ်နှင့် ကချင်လွတ်မြောက်ရေးတပ် (KIA) တို့ ယနေ့နံနက် ၅ နာရီခန့်မှ စတင်ကာ ဝိုင်းမော်မြို့နယ် နမ်ဆန်ယန်ကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားနေပြီး ဒေသခံပြည်သူများလည်း ထွက်ပြေးတိမ်းရှောင်နေကြောင်း သိရသည်။

စစ်ကောင်စီစစ်ကြောင်း ဝင်ရောက်လာသောကြောင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကျေးရွာအတွင်း လက်နက်ကြီး ကျရောက်ပေါက်ကွဲမည်ကိုစိုးရိမ်သောကြောင့် တိမ်းရှောင်ရန်ပြင်ဆင်နေသည်ဟု အသက် ၅၀ နှစ်ခန့်အရွယ်ရှိ ဒေသခံ အမျိုးသမီးတစ်ဦးက The 74 Media ကိုပြောသည်။

“အစက မရှောင်ဖို့ဟုတ်တယ်။ အပေါ်ကကျလာမှာကို စိုးရိမ်လို့ရှောင်ဖို့လုပ်နေတယ်။ လက်နက်ကြီးက အကြိမ်ရေတောင် မရေတွက်နိုင်ဘူးကြားရတာ။ အခုတောင်ကားပေါ်မှာ တစ်ချို့ကထွက်သွားပြီ ဘယ်နေရာကို သွားမလဲတောင်မသိဘူး။ ကျွန်မတို့ဒီဘက်က လက်နက်ငယ်အသံအခုမှကြားလာတယ်။ စစ်ရှောင်တာက ကျေးရွာတစ်ရွာလုံးဟုတ်တယ်” ဟုပြောသည်။

လက်နက်ကြီး၊ လက်နက်ငယ်ပစ်ခတ်သံများ အဆက်မပြတ်ကြားနေရပြီး စစ်ကောင်စီတပ်စွဲထားသော လဲလုံကုန်းမှ လက်နက်ကြီးပစ်ကူနေခြင်းဖြစ်ကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“ရွာအခြေအနေက ဖရိုဖရဲဖြစ်နေပြီ လက်နက်ကြီးသံက အခုလည်းကြားနေရတယ်။ တချို့က ဝိုင်းမော်ပြန်မယ် တချို့ကဒီမှာ အခြေအနေစောင့်ကြည့်နေပြီး ရှောင်ဖို့တော့ လုပ်နေတယ်။ ဘယ်ရှောင်ရမလဲတော့ မသိသေးဘူး။ လက်နက်ကြီးသံက ရာချီကြားနေရပြီ လက်နက်ငယ်သံက ဗျောက်ဖောက်သံလိုပဲ။

လက်ရှိအချိန်တွင် စစ်ကောင်စီစစ်ကြောင်းက နမ်ဆန်ယန်ကျေးရွာတံတားအနီး ရောက်ရှိနေပြီး ဒေသခံပြည်သူများကလည်း ကချင်နှစ်ခြင်းအသင်းတော်ဘုရာကျောင်းအတွင်း ခိုလှုံနေကြကြောင်း ဒေသခံလူငယ်တစ်ဦးကပြောသည်။

“လွန်ခဲ့တဲ့ နှစ်ရက်လောက်ကတည်းက အခြေအနေက မငြိမ်ဘူး ညှိနှိုင်းလို့မရလို့ ပြန်ဖြစ်လာတာ။ ရွာသားတွေကတော့ နှစ်ခြင်းအသင်းတော် ဘုရားကျောင်းမှာ ခိုလှုံထားခိုင်းတယ်။ တချို့ရွာသားတွေတော့ မနေ့ကနေပြန်ထွက်ပြေးနေကြပြီ။ စစ်ကြောင်းက ဟိုရှေ့ရက်ကတည်းက ဝင်သွားတယ် နောက်ထပ်စစ်ကြောင်း တစ်ကြောင်းပြန်လွတ်တာ” ဟုပြောသည်။

နမ်ဆန်ယန်ကျေးရွာတွင် လက်ရှိ ဒေသခံပြည်သူများနှင့် ကျေးရွာအတွင်း အလုပ်လာရောက်လုပ်ကိုင်နေသူ တစ်ထောင်ကျော်ခန့်ရှိကြောင်း‌ ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။

ပြီးခဲ့သည့် ဇွန်လ ၁၆ ရက်နေ့ကလည်း ဝိုင်းမော်မြို့နယ် နမ်ဆန်ယန်ကျေးရွာအနီးတွင် စစ်ကောင်စီစစ်ကြောင်းနှင့် KIA တပ်ဖွဲ့တို့ကြား တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များထံမှ လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိခဲ့သည်။

သတင်း – Doi Awng

ဓါတ်ပုံ – The 74 Media

 

သင့်ထင်မြင်ချက်ရေးပေးပါ