ဖားကန့်မြို့နယ်တွင် စက်သုံးဆီပြတ်လပ်နေပြီး လက်ကျန်ဆီများကို တစ်ဂါလံလျင် ၁၈၀၀၀ ကျပ်ဖြင့် ရောင်းချနေကြောင်း သိရသည်။

နန့်ယားကျေးရွာရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ဖြတ်သန်းသွားလာခွင့် ပိတ်ထားသောကြောင့် လုံးခင်းကျေးရွာ၊ မှော်စီစာကျေးရွာနှင့် ဆိုင်းတောင်ကျေးရွာတို့တွင် စက်သုံးဆီပြတ်လပ်နေပြီး ယခင်ထက် ဈေးတင်ကာ ရောင်းချနေကြခြင်းဖြစ်သည်ဟု အသက် ၃၂ နှစ်ခန့်အရွယ်ရှိ ဖားကန့်ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။

“ဓာတ်ဆီဆိုင်ကြီးတွေကတော့ ပိတ်ထားကြကုန်ပြီ ဆီပြတ်သွားလို့ဆိုပြီးပြောတယ်။ ဖွင့်တဲ့ဆိုင်တွေကလည်း သူတို့လက်ကျန်လေးတွေကို အမြတ်များများနဲ့ ပြန်ရောင်းနေကြတာပေါ့။ ဆိုင်ကြီးတွေပြောလာတာကတော့ ဒီရက်ပိုင်းအတွင်း ဓာတ်ဆီကရောက်လာဖို့မရှိဘူးတဲ့” ဟုပြောသည်။

ဇွန်လ ၂၆ ရက်နေ့မှစတင်ကာ စက်သုံးဆီပြတ်လပ်နေခြင်းဖြစ်ပြီး မည်သည့်ရက်မှ ဆီပြန်လည်ရရှိမည်ကို မသိကြောင်း ပိတ်ထားသည့် ဆီဆိုင်ပိုင်ရှင်တစ်ဦးမှပြောသည်။

“ကျွန်မတို့လည်း ဖုန်းဆက်ကြည့်ပါတယ်။ ဘယ်အချိန်ဓာတ်ဆီတွေပြန်ဝင်လာမလဲဆိုတာ ဆီပို့နေတဲ့သူ‌တွေကိုယ်တိုင်တောင်မသိဘူး။ ဒီပုံစံအတိုင်းတာဆို အခြေအနေတွေက ပိုဆိုးလာနိုင်တယ်။ ဓာတ်ဆီကလုံးလုံးကိုပြတ်သွားမှာ” ဟုသူကပြောသည်။

လမ်းပိတ်ထားသောကြောင့် စက်သုံးဆီများအပြင် အခြေခံစားသောက်ကုန်များလည်း ဈေးတက်နေကြောင်း မှော်စီစာကျေးရွာမှ အသက် ၃၅ နှစ်ခန့်အရွယ်ရှိ ဈေးသည်အမျိုးသမီးတစ်ဦးက ပြောသည်။

“ဓာတ်ဆီက ဘယ်မှာမှဝယ်လို့မရတော့ဘူး။ ဓာတ်ဆီဈေးတက်တာက နည်းနည်းတော်သေးတယ် ပြောရဦးမယ်။ စားဆီတက်တာကပိုဆိုးတယ် အရင်က ဆန်းသစ်စားဆီဆယ်ပိဿာကိုမှ ခုနှစ်သောင်းခွဲပဲပေးရတာ အခုက ၉၃၀၀၀ အထိ ရောက်နေပြီး ဝယ်ရတာနဲ့ ပြန်ရောင်းရတာက ဘယ်လိုမှမကိုက်နေဘူး” ဟုပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၂၇ ရက်နေ့မှစတင်ကာ စစ်ကောင်စီတပ်စွဲထားသည့် နန့်ယားဂိတ်တွင် ကုန်တင်ကားကြီးများနှင့် လောင်စာဆီတင်ကားများကို အကန့်အသတ်ဖြင့်သာဖြတ်သန်းခွင့်ပြုခဲ့ပြီး အစီးရေ ၃၀ ကျော် ပိတ်မိ‌နေဆဲဖြစ်ကြောင်းသိရသည်။

ယခင်က ဖားကန့်မြို့တွင် နှစ်ရက်ခန့်သာ ဆီပြတ်လပ်မှုကြုံရလေ့ရှိပြီး ယခုတစ်ကြိမ်တွင် ငါးရက်ခန့်ကြာမြင့်‌နေပြီဖြစ်‌သည်။

ဖားကန့်မြို့နန့်ယားကျေးရွာရှိ စစ်ကောင်စီဂိတ်သည် မကြာခဏ ဖြတ်သန်းသွာလာခွင့်ပိတ်ခြင်းနှင့် လိုင်စင်မဲ့ကား ဖမ်းဆီးခြင်းများပြုလုပ်လေ့ရှိပြီး ဖမ်းဆီးခံရသည့်ကားများကိုလည်း ပြန်ပေးခြင်းမရှ‌ိကြောင်း သိရသည်။

သတင်း – SK

 

သင့်ထင်မြင်ချက်ရေးပေးပါ