မြေမြုပ်မိုင်းနင်းမိသောကြောင့် ဖားကန့်မြို့နယ် စံပြကျေးရွာမှ ဒေသခံအမျိုးသားနှစ်ဦး ယမန်နေ့ ညနေ သုံးနာရီခန့်က ခြေထောက်ပြတ်ရှ ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

ယုဇနကုမ္ပဏီ စက်ရုံဟောင်းအနောက်လက်ရှိ နမ်ဆန်ချောင်းတစ်ဖက်ကမ်းတွင် လယ်တောသို့ ဆိုင်ကယ်ဖြင့်သွားရောက်စဉ် မိုင်းနင်းမိခဲ့ခြင်းဖြစ်သည်ဟု စံပြကျေးရွာမှ ဘာသာရေးဆရာတစ်ဦးက The 74 Media ကိုပြောသည်။

“လယ်လုပ်တယ်လေး ထွန်စက်အဲ့မှာထားထားတာ။ နင်းမိတဲ့ကောင်လေးနှစ်ယောက် ဆိုင်ကယ်နဲ့ ထွန်စက်သွားကြည့်တာ လမ်းတစ်ဝက်မှာ ဆိုင်ကယ်ဆီပျက်သွားတော့ ခြေလျင်နဲ့နဂိုလမ်းက နည်းနည်းပတ်တယ်ဆိုတော့ တခြားလမ်းကနေသွားတဲ့အချိန် နင်းမိတာ” ဟုပြောသည်။

အဆိုပါအမျိုးသားနှစ်ဦးမှ တစ်ဦးမှာ ဘယ်ဘက်ခြေဖနောက်ကြေမွပျက်စီးသွားပြီး အခြားတစ်ဦးမှာ ဘယ်ဘက်ခြေဖဝါးတစ်ခုလုံး ပျက်စီးသွားကြောင်း နီးစပ်သူတစ်ဦးက ပြောသည်။

“အခြေအနေကတော့ ကောင်းဖို့ရှိပါတယ်။ အတိအကျတော့ ဘယ်လိုကုရမလဲဆိုတာ မသိရသေးဘူး။ ခန္ဓာကိုယ်မှာတော့ ထိခိုက်တာမရှိဘူး။ ခြေထောက်မှာပဲ ဖြစ်သွားတာဆိုတော့ စိုးရိမ်စရာမရှိပါဘူး။ နှစ်ယောက်စလုံးတော့ ဘယ်ဖက်ခြေထောက်မှာထိသွားတာ” ဟုပြောသည်။

ထိခိုက်ဒဏ်ရာရရှိခဲ့သည့် အမျိုးသားနှစ်ဦးမှာ အသက် ၁၈ နှစ်ခန့်အရွယ်ရှိ မောင်ငွားမော်ဆာနှင့် အသက် ၃၀ နှစ်ခန့်အရွယ်ရှိ မောင်ယော်လီဖူဆိုသူတို့ဖြစ်ပြီး လက်ရှိမြစ်ကြီးနားပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေကြောင်း သိရသည်။

ဝါရာဇွပ်ပြည်သူ့စစ်တပ်ဖွဲ့က ထောင်ထားသော မြေမြုပ်မိုင်းနင်းမိခြင်းဖြစ်သည်ဟု ဒေသခံပြည်သူများက ပြောဆိုနေကြသော်လည်း The 74 Media အနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါ။

စံပြကျေးရွာတည်ရှိရာ ဝါရာဇွပ်ကျေးရွာအုပ်စုတွင် ကချင်လွတ်မြောက်ရေးတပ် (KIA)နှင့် ဝါရာဇွပ်ပြည်သူ့စစ်တို့ လှုပ်ရှာရာဒေသဖြစ်ပြီး ဒေသခံပြည်သူများက လယ်ယာလုပ်ငန်းလုပ်ကိုင်ရန်ပင် စိုးရိမ်မှုများရှိနေကြောင်း သိရသည်။

ပြီးခဲ့သည် ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်နေ့ကလည်း ယုဇနကုမ္ပဏီ စက်ရုံဟောင်း အနောက်ဖက်လမ်း တစ်နေရာတွင် ရှဒူးဇွပ်ကျေးရွာနေ အသက် ၅၃ နှစ်ခန့် အရွယ်ရှိ ဒေါ်သန်းလှနိုင်နှင့် သမီးဖြစ်သူ အသက် ၁၉ နှစ်ခန့်အရွယ်ရှိ အသဲနုဆိုသူတို့ ဆိုင်ကယ်မောင်းနှင်လာစဉ် ခြေဖမိုးနှစ်ဖက် မိုင်းစထိမှန်ဒဏ်ရာနှင့် ညာဖက် ပေါင်ရိုးကျိုးသည့် ဒဏ်ရာများ ရရှိခဲ့သည်။

သတင်း – Pan Soon

ဓာတ်ပုံ – ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့ တယ်လီဂရမ်ချန်နယ်

 

သင့်ထင်မြင်ချက်ရေးပေးပါ