မြေပြိုမှုကြောင့် ၁၀ ရက်ကျော်ကြာ လမ်းပိတ်နေသည့် မချမ်းဘော့မြို့နယ် ဒိန်ချက်ကျေးရွာလမ်း အမြန်ပြုပြင်ခြင်းမရှိပါက ဒေသခံများ စားနပ်ရိက္ခာပြတ်လပ်သွားနိုင်ကြောင်း သိရသည်။

မချမ်းဘော့ – ဒိန်ချက်လမ်းမှာ ပြီးခဲ့သည့် ဇွန်လ ၁၉ ရက်နေ့မှစတင်ကာ မြေပြိုကာ လမ်းပိတ်နေခြင်းဖြစ်ပြီး အမြန်ဆုံးပြုပြင်ခြင်းမပြုလုပ်နိုင်ပါက မိုးတွင်းကာလအတွင်း ရိက္ခာပြတ်တောက်သွားနိုင်သည်ဟု အသက် ၄၅ နှစ်ခန့်အရွယ်ရှိ ရပ်မိရပ်ဖတစ်ဦးက The 74 Media ကိုပြောသည်။

“ဆိုင်ကယ်တွေသွားလို့မရအောင်ပြိုတာ လူတောင်အရမ်းသွားရခက်တယ် အရင်နှစ်တွေက အဲ့လောက်မပြိုဘူး။ အခုတောင်အဲ့လောက်ပြိုနေရင် နောက်မိုးအရမ်းရွာတဲ့လတွေဆို အဲ့ထက်ဆိုးသွားမှာ။ ရွာမှာကရိက္ခာစပြတ်နေပြီး နောက်ထပ်တစ်လလောက်သာ လမ်းပြန်မကောင်းရင်တော့ စားဝတ်နေရေးအတွက် အရမ်းဒုက္ခရောက်မှာ အဲ့ဒါကြောင့် အခုချိန်မြန်မြန်ပြင်ရမှာ” ဟုပြောသည်။

ဒေသခံအများစုက ရွှေ့ပြောင်းတောင်ယာလုပ်ငန်းသာ လုပ်ကိုင်ကြပြီး ၂၀၂၂ ခုနှစ်ကလည်း မိုးများသောကြောင့် တောင်ယာစပါးစိုက်ပျိုးနိုင်ခြင်းမရှိခဲ့သဖြင့် အခြားဒေသများမှ ဝယ်ယူစားသုံးနေရကြောင်း သူကပြောသည်။

ဒိန်ချက်ကျေးရွာဒေသခံများက တစ်လလျှင်နှစ်ကြိမ် မချမ်းဘော့မြို့မှ ကုန်ပစ္စည်းနှင့် စားသောက်ကုန်များ သွားရောက်ဝယ်ယူ့လေ့ရှိပြီး မိုးရာသီအတွက် ရိက္ခာစုဆောင်းထားနိုင်ခြင်းမရှိသေးသောကြောင့် လမ်းကိုသာ အမြန်ဆုံးပြုပြင်ပေးစေလိုကြောင်း အသက် ၂၆ နှစ်ခန့်အရွယ်ရှိ ဒေသခံလူငယ်တစ်ဦးက ပြောသည်။

“အရင်နှစ်တွေတုန်းကတော့ အခုချိန်ကစပြီး မိုးတွင်းအတွက် ရိက္ခာတွေစုကြတာ ဒီနှစ်တော့ မစုလိုက်ရဘူး။ ရာသီဥတုကလည်းပြောင်းလဲလာတယ် နေပူတဲ့အချိန်လည်း အရမ်းပူတော့ မြေကြီးတောင်ကွဲတယ်။ အဲ့လိုကြောင့်လို့ထင်တယ် မိုးရာတာနဲ့ မြေပြိုတော့တာ” ဟုပြောသည်။

နှစ်စဉ်မိုးရာသီတွင် သစ်ပင်များလဲခြင်း၊ ကမ်းပါးပြိုခြင်း၊ တောင်ပြိုခြင်းနှင့် လမ်းပျက်စီးခြင်းတို့ကြောင့် ခြေလျင်ခရီးပင်သွားရန် ခက်ခဲသဖြင့် လက်ရှိအချိန်တွင် အမြန်ဆုံးပြုပြင်ရန်လိုအပ်နေပြီး ကိုယ်ထူကိုယ်ထပြုပြင်နိုင်ရန်လည်း ကြိုးစားနေကြောင်း သူကဆက်ပြောသည်။

“အစိုးရအနေနဲ့ ပြန်ပြင်ပေးမယ်လို့တော့မထင်ဘူး။ လမ်းပြိုနေတာလည်းကြာပြီဆိုတော့ ငါတို့ဒေသခံတွေနဲ့ ဒိန်ချက်ဘက်မှာ ရှောင်ကောခြံလုပ်တဲ့သူတွေစီကနေ အလှူခံပြီးပြန်ပြင်ဖို့စီစဉ်ထားတယ်။ ရွာမှာက ကျန်းမာရေးဝန်ထမ်းတွေလည်းမရှိဘူး နေမကောင်းတဲ့သူတွေရှိရင်လည်း မချမ်းဘော့ဘက်ပဲသွားရတာ အဲ့ဒါကြောင့်အဲ့လမ်းကို အမြန်ပြင်မှရမှာ” ဟုပြောသည်။

ဒိန်ချက်ကျေးရွာသည် ပူတာအိုဒေသခံများနှင့် မချမ်းဘော့ဒေသခံများ၏ အဓိကဝင်ငွေရရှိနေသော ရှောင်ကောစိုက်ခင်းအများဆုံးပြုလုပ်သောကျေးရွာဖြစ်ပြီး ကျေးရွာအနီးတွင် စိုက်ခင်းဧက ၁၀၀ ကျော်ခန့်ရှိကြောင်း ဒေသခံများထံမှသိရသည်။

မချမ်းဘော့ – ဒိန်ချက်လမ်းသည် မိုင်ပေါင်း ၄၀ ခန့်ရှည်လျားပြီး ခြောက်သွေ့သောရာသီတွင် ဆိုင်ကယ်ဖြင့် ငါးနာရီခန့်သာသွားရသော်လည်း မိုးရာသီတွင် လမ်းပိတ်ခြင်းမရှိပါက နှစ်ရက်မှ လေးရက်ကြာသည်အထိ သွားရကြောင်းသိရသည်။

ဒိန်ချက်ကျေးရွာပါဝင်သော အင်ဂါဒိန်ချက်ကျေးရွာအုပ်စုသည် ၂၀၁၄ သန်းခေါင်စာရင်းအရ လူဦးရေ ၃၀၀ ခန့်နေထိုင်သည်။

သတင်း – Dureng

ပုံ – Moskov

သင့်ထင်မြင်ချက်ရေးပေးပါ