စစ်ကောင်စီတပ်နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တို့ ဝက်လက်မြို့နယ်တွင် ယမန်နေ့က နံနက် ၈ နာရီခန့်က ဖြစ်ပွားခဲ့သောတိုက်ပွဲတွင် ဒုတပ်ရင်းမှူးနှင့် တပ်ခွဲမှူးအပါအဝင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁၄ ဦး ကျဆုံးခဲ့ကြောင်း သိရသည်။

စဉ့်ကိုင်ကျေးရွာမှ စစ်ကြောင်းထိုးလာသည့် အင်အား ၇၀ ခန့်ပါရှိသော စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် တလိုင်းကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး နှစ်ဖက်အကျအဆုံးရှိခဲ့သည့်ဟု တိုက်ပွဲတွင် ပါဝင်ခဲ့သူ တော်လှန်ရေးရဲဘော်တစ်ဦးက The 74 Media ကိုပြောသည်။

“ကိုယ့်ဘက်ကစပြီး ပစ်လိုက်တာ သူကျကိုယ်ကျပစ်ကြတာပေါ့။ အဲ့မှာခွဲမှူးကကျသွားတာ RPG ပါသွားတယ်။ လက်နက်ကြီးတစ်ခုပါသွားတာဗျာ။ လက်နက်တွေလည်း ပါသွားတယ်ဗျ။ ဒီစစ်ကြောင်းက တစ်ရွာဝင် တစ်ရွာထွက် မီးရှို့နေလို့မို့ ကျွန်တော်တို့ကနောက်ကနေလိုက်ပြီး Battle ဆိုင် (တိုက်ပွဲဖြစ်)တယ်။ သူတို့ဘက်ကစာရင်းတော့ အတိအကျမသိရပါဘူး” ဟုပြောသည်။

ကျဆုံးခဲ့သည့်ရဲဘော်များမှာ စစ်ကိုင်းခရိုင် တပ်ရင်း (၃) မှ ဒုတပ်ရင်းမှူး အဇဲ၊ တပ်ခွဲမှူး လင်းရောင်၊ ရဲဘော် ငရဲ၊ ရဲဘော် စိုးကြီး၊ ရဲဘော် တိုးကြီး၊ ရဲဘော် ဆံဝါ၊ ရဲဘော် တေဇ၊ ရဲဘော် နန်းကြီး၊ ရဲဘော် ဇော်ရဲဆိုသူတို့ အပါအဝင် စုစုပေါင်း ၁၄ ဦးကျဆုံးခဲ့ကြောင်း စစ်ကိုင်းခရိုင်တပ်ရင်း (၃) က ထုတ်ပြန်ထားသည်။

စစ်ကောင်စီ ဝါဒဖြန့်သတင်းချန်နယ်များတွင် ယမန်နေ့က တော်လှန်ရေးရဲဘော်ကျဆုံးမှုနှင့် ပတ်သက်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များကို စစ်တပ်က သိန်း ၁၀၀ ဆုချီးမြှင့်ကြောင်း ဖော်ပြထားသည်ကိုတွေ့ရသည်။

လိမ်ပင်ကျေးရွာနှင့် ခေါတောကြားကျေးရွာကြားတွင်လည်း ယနေ့ နံနက် ၁၀ နာရီခန့်က စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်စွဲထားသော လျှပ်စစ်ရုံးတွင် လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့ကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“လျှပ်စစ်ရုံးမှာ စစ်ကောင်စီတွေရှိတယ်လေး အဲ့ရုံးထဲကလူတွေကိုလည်း သူတို့အချင်းချင်းမှားပစ်သွားသေးတာ။ အပေါ်ကနေသူတို့ချင်းပြန်ပစ်သလိုဖြစ်သွားတာပေါ့။ ပစ်တာကတော့ ကျွန်တော်တို့ကိုပေါ့ကွာ။ ဒါပေမဲ့ မှားပစ်လိုက်တာပေါ့” ဟုပြောသည်။

အဆိုပါ လေကြောင်းမှ မှားယွင်းပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးမှုရှိကြောင်း သိရသော်လည်း The 74 Media က သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါ။

ပြီးခဲ့သည့် ဇွန်လ ၂၅ ရက်နေ့ကလည်း စစ်ကိုင်းမြို့နယ် ကင်းတော်ကျေးရွာနှင့် မြင်းဆည်ကျေးရွာကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းခဲ့ချိန် တော်လှန်ရေးရဲဘော် ၁၃ ဦးကျဆုံးခဲ့ကြောင်း သိရသည်။

သတင်း – Ma Di

ဓါတ်ပုံ – Ko Thet

သင့်ထင်မြင်ချက်ရေးပေးပါ