ရွှေဆိုင်တစ်ဆိုင်တွင် သေနတ်ထောက်ကာ ဓားပြတိုက်မှု မိုးညှင်းမြို့၊ နားခါမြောက်ရပ်ကွက်တွင် ယမန်နေ့နေ့လယ် ၁ နာရီခန့်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အမျိုးသားခြောက်ဦးက ဆိုင်ကယ်သုံးစီးဖြင့်ရောက်ရှိလာပြီး နားခါးမြောက်ရပ်ကွက် ဘုရင့်နောင်လမ်းရှိ သမာဓိရွှေဆိုင်မှ ရွှေထည်များကိုယူသွားခြင်းဖြစ်သည်ဟု ဒေသခံအမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“ဆိုင်ကယ်နဲ့လာတာ ယောက်ျားလေးတွေကြီးပဲဗျ မိန်းကလေးတော့မပါဘူး။ သေနတ်ထောက်ပြီး တိုက်သွားတယ်လို့ပြောတယ်။ စိန်တွေရော မသွားတယ်တဲ့။ ဝန်ထမ်းတွေ ထမင်းစားပြန်တဲ့အချိန်” ဟုပြောသည်။

အဆိုပါဖြစ်စဉ်ဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များက အခင်းဖြစ်ပွားရာနေရာကို လာရောက်စစ်ဆေးခဲ့ပြီး မိုးညှင်းမြို့အတွင်း လှည့်လည်စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“တစ်ထောင်ကျော်တော့ပါသွားတယ်တဲ့ အခုကတော့ ပိတ်ထားတယ်။ စစ်သားတွေက ဝိုင်းဖွဲ့နေကြတာ မေးမြန်းတာစစ်တာတွေတော့ လုပ်ကြတယ်။ အဲ့အချိန်တုန်းကတော့ မိုးညှင်းမြို့ထဲကို စစ်ကားတွေနဲ့ ပတ်တာတွေလုပ်ကြတယ်” ဟုပြောသည်။

သမာဓိရွှေဆိုင်ကို ကျပ်သိန်းပေါင်းတစ်ထောင်ကျော်ခန့် ဓားပြတိုက်ခံရသည်ဟု ဒေသခံများ၏ ပြောဆိုချက်နှင့် ဓားပြမှုဖြစ်စဉ်တို့ကို ဆက်သွယ်မေးမြန်းရန် The 74 Media က ကြိုးစားနေဆဲ ဖြစ်သည်။

မိုးညှင်းမြို့၊ ဗောဓိကုန်းကျေးရွာရှိ နေအိမ်တစ်ခုတွင်လည်း ဇွန်လ ၂၇ ရက်နေ့က ဓားပြမှုဖြစ်ပွားခဲ့ကြောင်းသိရသည်။

သတင်း – Nan Non

ဓါတ်ပုံ _ ပေးပို့

သင့်ထင်မြင်ချက်ရေးပေးပါ