စိတ်ကျန်းမာရေးချို့ယွင်းနေသည့် အမျိုးသမီးတစ်ဦး ဝိုင်းမော်မြို့၊ အမှတ် ၃ ရပ်ကွက်တွင် လှည့်လည်နေထိုင်နေပြီး တစ်လကျော်ကြာသည်အထိ မိသားစုဝင်များက လာရောက်ခေါ်ယူခြင်းမရှိသောကြောင့် ရပ်ကွက်နေပြည်သူများ အခက်တွေ့နေကြောင်း သိရသည်။

စည်ပင်ဂိုဒေါင်အနီးရှိ အမှိုက်သိမ်းကားအောက်တွင် အသုံးအဆောင်ပစ္စည်းများနှင့်အတူ မေလ ၂၀ ရက်နေ့မှစတင်ကာ လာရောက်နေထိုင်နေခြင်းဖြစ်သည်ဟု အနီးပတ်ဝန်းကျင်တွင် နေထိုင်သည့် အမျိုးသမီးတစ်ဦးက The 74 Media ကိုပြောသည်။

“သူတစ်ယောက်တည်း လျှောက်သွားနေတာတော့ မဟုတ်လောက်ဘူး၊ လာစွန့်ပစ်သွားတဲ့ ပုံစံပေါ့။ ဘာကြောင့်လဲဆိုတော့ ပစ္စည်းအစုံနဲ့ ရောက်လာလို့လေ။ စကောတွေ၊ အိုးခွက်၊ ပန်းကန်နဲ့ စောင်၊ အဝတ်အစားတွေ အစုံပဲ။ အိမ်မှာပြဿနာတစ်ခုခုဖြစ်လို့ လာစွန့်ပစ်သွားတာထင်တယ်” ဟုပြောသည်။

အဆိုပါအမျိုးသမီးတစ်ဦးမှာ အနီးပတ်ဝန်းကျင်ရှိ နေအိမ်များမှပစ္စည်းများကိုယူခြင်း၊ မီးရှို့ဖျက်ဆီးခြင်းနှင့် ညအချိန်တွင် အော်ဟစ်ခြင်းများ ပြုလုပ်လေ့ရှိကြောင်း သူကပြောသည်။

“စကားသွားပြောလို့လည်းမရဘူး ကျောက်ခဲနဲ့ပေါက်တာ အချိန်ပြည့်နေ့ရော၊ ညရောအော်ပြီး လူတစ်ယောက်ယောက်ကို မကျေနပ်တဲ့အတိုင်း အော်ပြောနေတာ အိပ်လို့မရဘူး။ အိမ်မှာမရှိတဲ့အချိန် အိမ်အောက်မှာ လှမ်းထားတဲ့ကချင်လုံချည်တွေ ပစ္စည်းတွေယူပြီး မီးရှို့ပစ်လိုက်တာ” ဟုပြောသည်။

သက်ကြီးရွယ်အိုတစ်ဦးဖြစ်ပြီး အမိုးအကာမရှိသော ကားအောက်တွင် နေထိုင်ကာ မိုးရေထဲတွင် လျှောက်သွားနေသောကြောင့် ကျန်းမာရေးထိခိုက်လာမည်ကိုစိုးရိမ်သဖြင့် မိသားစုဝင်များကို အမြန်ဆုံးလာရောက်ခေါ်ယူစေလိုကြောင်း ဒေသခံများက လိုလားနေကြသည်။

အဆိုပါအမျိုးသမီးနှင့် ပတ်သက်ပြီး အုပ်ချုပ်ရေးတာဝန်ရှိသူများကိုလည်း အကြောင်းကြားထားကာ ဝိုင်းမော်သားများ ဆုံစည်းရာ ဖေ့စ်ဘုတ်လူမှုကွန်ယက်ဂရုများတွင်လည်း ပိုစ့်များတင်ထားသော်လည်း တစ်စုံတစ်ရာထူးခြားလာခြင်းမရှိဟု ဆိုသည်။

ဝိုင်းမော်မြို့နယ်တွင် ၂၀၁၄ သန်းခေါင်စာရင်းအရ အိမ်ထောင်စု နှစ်သောင်းခန့်ရှိပြီး လူဦးရေ တစ်သိန်းကျော် နေထိုင်သည်။

သတင်း – Pan Soon

ဓာတ်ပုံ – ပေးပို့

သင့်ထင်မြင်ချက်ရေးပေးပါ