တနိုင်းမြို့နယ် နန့်ဖြတ်ယန်ကျေးရွာမှ စစ်ရှောင်ပြည်သူများနှင့် ဒေသခံပြည်သူများ နေထိုင်သည့်နေရာကို စစ်ကောင်စီတပ်က တပ်စခန်းဆောက်လုပ်ရန် ပြောင်းရွှေ့ခိုင်းပြီး အများပြည်သူသွားလာနေသော လမ်းကိုလည်း ပိတ်ထားကြောင်း သိရသည်။

ဒေသခံပြည်သူများ နေထိုင်သည့် မြေနေရာနှင့် တောင်ယာသွားသည့်လမ်းကို တပ်ပိုင်မြေအဖြစ် မြေနေရာ ချဲ့ထွင်တိုင်းတာခဲ့ပြီး ပြီးခဲ့သည့် မေလမှစတင်ကာ တပ်စခန်းဆောက်လုပ်ရန် ပြင်ဆင်နေပြီဟု ဒေသခံအမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“ဒီနှစ်ထဲမှာ ဆောက်မယ်ဆိုပြီး သဲကျောက်တွေသယ်ထားကြပြီ။ အရင်တုန်းက စစ်တပ်တစ်ခုဆောက်ပြီးပြီ။ အဲ့ဒီတစ်ခုနဲ့ ဆက်ပြီးရွာပတ်ပတ်လည်စစ်တပ်နဲ့ ဝန်းရံလိုက်မယ့်ပုံစံပေါ့။ တချို့အိမ်ပါသွားတဲ့သူက နန်ဗျူဖက်က စစ်ရှောင်တွေ ပြီးတော့ အောက်ပိုင်းက မီးသွေးဖုတ်ပြီး လာနေကြတဲ့သူတွေ။ ပြောချင်တာက စစ်တပ်တွေ တပ်မစွဲခင်ကတည်း ဒီရွာသားတွေက ရှိနေပြီးသား” ဟုပြောသည်။

မြစ်ကြီးနား – တနိုင်းလမ်း ညာဘက်ခြမ်းရှိ နေအိမ်ဆယ်ခုခန့်မှာ တပ်ပိုင်မြေသတ်မှတ်ရာတွင်ပါဝင်နေပြီး ဒေသခံပြည်သူများကိုလည်း တစ်စုံတစ်ရာအသိပေးခြင်း ညှိနှိုင်းခဲ့ခြင်းမရှိကြောင်း သူကဆက်ပြောသည်။

“အဓိကကတော့ ရွာလူကြီးလိုတာပေါ့ စစ်တပ်ဝင်လာကတည်းကနေ ဒေသခံတွေနဲ့ ဆွေးနွေးရမှာကို သူသိသလို လုပ်လိုက်လို့ အခုလိုဖြစ်လာတာ။ အခုတော့ သူတို့ရဲ့စစ်တပ်ဝင်းအတွင်းမှာ သစ်ပင်တချို့ စိုက်ထားပြီ ကင်းတဲတစ်ခုဆောက်ပြီး ကင်းလှည့်ပြီး နေနေကြပြီ” ဟုပြောသည်။

အဆိုပါနေရာသည် ယခင်က ယုဇနကုမ္ပဏီမြေနေရာဖြစ်ပြီး ၂၀၂၁ ခုနှစ်တွင် ကချင်လွတ်မြောက်ရေးတပ်(KIA) က သိမ်းယူပြီးနောက် စစ်ရှောင်များ၊ အခြားဒေသမှ အခင်းလာရောက်လုပ်ကိုင်သူနှင့် မီးသွေးဖုတ်သူများ အများစုလာရောက်နေထိုင်သော နေရာဖြစ်သည်။

စစ်ကောင်စီတပ်က တပ်ပိုင်မြေအဖြစ်သိမ်းပိုက်လိုက်လျှင် အခြားနေရာသို့ ထပ်မံပြောင်းရွှေ့ရမည်ကို စိုးရိမ်ကြောင်း အဆိုပါနေရာတွင် လေးနှစ်ခန့်နေထိုင်ခဲ့ပြီဖြစ်သော စစ်ရှောင်အမျိုးသမီးတစ်ဦးက ပြောသည်။

“စစ်ရှောင်ရင်း ဒီဖက်မှာနေရာပေးလို့ လာနေတာ။ အဲ့ဒီအချိန်တုန်းက ဘာစစ်တပ်မှလည်းမရှိဘူး။ အခုထိတော့ အတင်းအကြပ် ပြောင်းခိုင်းတာတော့ မရှိသေးဘူး။ တကယ်လို့ စစ်တပ်ဆောက်လာရင် ဘယ်နေရာမှာ ပြန်သွားနေရမလဲဆိုတာ စိုးရိမ်နေတယ်။ စစ်ရှောင်စခန်းမှာနေရတာ လုပ်ကိုင်စားသောက်ရတာ ခက်ခဲလာလို့ ဆွေမျိုးတွေနဲ့ တောင်ယာလုပ်ရင်း နေ့စားအလုပ်လုပ်ရင်း လာနေကြတာ” ဟုပြောသည်။

ဒေသခံများတောင်ယာသွားသော လမ်းကိုလည်း စစ်ကောင်စီတပ်က ကန့်သတ်နယ်မြေအဖြစ်သတ်မှတ်ကာ ဝါးလုံးဖြင့်တန်းထားပြီး ဖြတ်သန်းသွားလာခွင့်ပိတ်ထားကြောင်း သူကဆက်ပြောသည်။

“မသွားရဆိုပြီးတော့ ကန့်သတ်ထားတဲ့ လမ်းရှိတယ်။ ဒါပေမယ့် တောင်ယာသွားတဲ့ လမ်းဆိုတော့ သွားလာနေကြတာပါပဲ။ အဲ့လမ်းကမသွားရင် တခြားလမ်းသွားစရာ မရှိတော့ဘူးလေ။ စစ်တပ်ဆောက်ရင်တော့ ဒီလမ်းဖြတ်လို့ မရတော့ဘူးလို့တော့ ပြောတယ်” ဟုပြောသည်။

တနိုင်းမြို့နယ်၊ နန်ဖြတ်ယန်ကျေးရွာအုပ်စုတွင် ၂၀၁၄ သန်းခေါင်စာရင်းအရ အိမ်ထောင်စု ၅၀ ခန့်နှင့် လူဦးရေ ၄၆၀ ကျော်နေထိုင်ကြောင်း သိရသည်။

တနိုင်းလီဒိုလမ်းမပေါ်ရှိ နောင်းမီ၊ ဝါရာဇွပ်၊ ရှဒူးဇွပ်၊ အောင်ရာ၊ ဘန်ကောက်၊နမ်ဖြတ်ယန်၊ နောင်းလုံကောင်ရာ၊ တိန်းကောက် အပါအဝင် ကျေးရွာ စုစုပေါင်း ၂၅ ခုမှ မြေဧကလေးသိန်းကျော်ကို ပြီးခဲ့သည့် ၂၀၀၆ ခုနှစ် ဦးသန်းရွှေ စစ်အစိုးရလက်ထက်တွင် ယုဇနကုမ္ပဏီက ဒေသဖွံ့ဖြိုးရေးခေါင်းစဉ်ဖြင့် သိမ်းပိုက်ခဲ့ခြင်း ဖြစ်သည်။

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO/KIA) က ၂၀၂၁ ခုနှစ်တွင် ယုဇနကုမ္ပဏီထံမှ လီဒိုလမ်းမတစ်လျှောက်ရှိ မြေယာများ ပြန်လည်သိမ်းယူခဲ့ပြီး ဝါရာဇွပ်ကျေးရွာအနီးရှိ မြေဧကခြောက်သောင်းခန့်ကို KIO မှ တာဝန်ရှိသူအချို့နှင့် လုပ်ငန်းရှင်အချို့က ရယူထားကြပြီး စစ်ရှောင်များနှင့် ဒေသခံတောင်သူများကို မြေယာခွဲဝေပေးရန် ငြင်းဆိုနေကြကြောင်း သိရသည်။

သတင်း – Pan Soon

ဓာတ်ပုံ – ပေးပို့

သင့်ထင်မြင်ချက်ရေးပေးပါ