လမ်းဘေးတွင်ဆော့ကစားနေသည့်ကလေးတစ်ဦး ကားလမ်းဖြတ်ကူးစဉ် ကားတိုက်ခံရပြီး ယမန်နေ့ညနေ ၆ နာရီခွဲခန့်က ဝိုင်းမော်မြို့နယ်တွင် သေဆုံးခဲ့ကြောင်းသိရသည်။

အောင်မြေ (၁) ကျေးရွာအထွက်တွင် အစိမ်းပုတ်ရောင်အိမ်စီးကားတစ်စီးက အသက် (၆) နှစ်ခန့်အရွယ်ရှိ ကလေးငယ်တစ်ဦးကို တိုက်မိခဲ့ပြီး ထွက်ပြေးသွားသည်ဟု ရပ်ရွာအုပ်ချုပ်ရေးတာဝန်ရှိသူတစ်ဦးက The 74 Media ကိုပြောသည်။

“ကလေးတွေက လမ်းဘေးမှာ နှစ်ယောက်၊ သုံးယောက်ဆော့ကစားနေကြတာ။‌ ကစားရင်းနဲ့ လမ်းရဲ့ဟိုဘက်ကို ပြေးသွားတာပေါ့။ ကလေးတွေပြောနေတာ ကြားတာတော့ ကားကတိုက်ပြီး ရပ်သွားသေးတယ်တဲ့ ကားသမားတော့မဆင်းလာဘူး ရပ် ရပ်လို့အော်မှ မောင်းပြေးသွားတာလို့ပြောတယ်” ဟုပြောသည်။

သေဆုံးခဲ့သူမှာ ပထမတန်းကျောင်းသူ မသောင်းဆာဘော်မီးဆိုသူဖြစ်ပြီး အခင်းဖြစ်ပွားရာ နေရာတွင် ထိခိုက်ဒဏ်ရာများဖြင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း မွန်မြတ်စေတနာ လူမှုကူညီရေးအသင်းမှ တာဝန်ရှိတစ်ဦးကပြောသည်။

“ကလေးကဇက်ကျိုးပြီး ဆုံးသွားတာ တခြားကျန်တာတွေတော့ ဘာမှမတွေ့ရဘူ ဇက်ကျိုးပြီးသေသွားတဲ့ပုံစံ ခေါင်းမှာလည်းသွေးတွေနဲ့ ယာဉ်တွေကိုပဲပြောချင်တာ ကိုယ့်အရှိန် ကိုယ်မနိုင်ပဲနဲ့ဇွတ်ပဲမောင်းပြီးတော့ မဖြစ်သင့်တာတွေ ဖြစ်ကုန်တာပေါ့။ တကယ်တော့ သူတို့တတွေကဆင်ခြင်ကြရင် ဘာမှမဖြစ်ဘူး” ဟုပြောသည်။

ထွက်ပြေးသွားသော ကားကို လိုက်လံရှာဖွေသော်လည်း ဖမ်းဆီးရမိခဲ့ခြင်းမရှိကြောင်း သိရသည်။

ပြီးခဲ့သည့် ဇွန်လ ၂၆ ရက်နေ့ကလည်း ဝိုင်းမော်မြို့ မီးပွိုင့်အနီးတွင် လမ်းလျောက်နေသည့် အသက် ၅၁ နှစ်ခန့်အရွယ်ရှိ အမျိုးသားတစ်ဦးကို ဆိုင်ကယ်တိုက်မိခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

သတင်း – HN

ဓါတ်ပုံ – မွန်မြတ်စေတနာ လူမှုကူညီရေးအသင်း

သင့်ထင်မြင်ချက်ရေးပေးပါ