စစ်ကိုင်းတိုင်း မုံရွာမြို့နယ်ရှိ အများပြည်သူပိုင်ကားလမ်းမကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက မြေကော်ကားဖြင့် ယမန်နေ့က လာရောက်ဖျက်ဆီးသွားကြောင်း သိရသည်။

မုံရွာမြို့ရှိ စစ်ကောင်စီဂိတ် ပစ်ခတ်တိုက်ခိုက်ခံရပြီးနောက် ညောင်ပင်သာကျေးရွာရှိ ဘုန်းကြီးကျောင်းမုခ်ဝရှိ ကားလမ်းကို ကန့်လန့်ဖြတ်ကာ အကျယ်သုံးပေ အနက်လေးပေခန့် မြေကော်ကားဖြင့်တူးထားသည်ဟု ကျေးရွာဒေသခံ အမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“ကားလမ်းကိုသွားလို့မရတော့အောင်မို့ တောင်မြောက်ပုံစံမျိုးနဲ့ ဖျက်သွားတာပေါ့နော်။ ထင်တာကတော့ အဲ့အရင်နေ့က ကညနရုံးတိုက်ခံရတယ်လေ။ အဲ့ဒါကြောင့် လမ်းဖျက်သွားတယ်လို့ထင်တာပဲ။ ကတ္တရာလမ်းကိုမှ ဘက်ဟိုးကားနဲ့ လာကော်သွားတာဗျ” ဟုပြောသည်။

မုံရွာမြို့ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန (ကညန) ရုံးကို တော်လှန်ရေးအဖွဲ့များက စုပေါင်းပြီး ပြီးခဲ့သည့် ဇွန်လ ၂၅ ရက်နေ့က သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ဦးခန့် သေဆုံးကြောင်း သိရသော်လည်း The 74 Media မှ သီးခြားအတည်မပြုနိုင်သေးပါ။

ယခုလမ်းဖျက်ဆီးခံထားရသောနေရာသည် ကညနရုံးနှင့် နှစ်မိုင်ခန့်အကွာတွင်တည်ရှိပြီး စစ်ကောင်စီ၏ လူဝင်မှုကြီးကြပ်ရေးရုံးဟောင်း (လဝက)ဂိတ်၊ ရေဦးဆန်ဆိုင်ဂိတ်၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန (ကညနရုံး)ဂိတ်နှင့် မအူဂိတ်များကို တည်ရှိရာလမ်းဖြစ်ကြောင်း ဒေသခံတစ်ဦးကပြောသည်။

“အခုလမ်းက မုံရွာနဲ့ ချောင်းဦးမြို့နယ် အမြင့်မြို့ကို ဆက်ထားတဲ့လမ်းလေ။ ဈေးရောင်းတဲ့ပြည်သူတွေ ဖြတ်သန်းသွားလာနေတဲ့လမ်းပေါ့။ ခဏခဏကော်တယ်ပြီးရင် ကျွန်တော်တို့ကပြန်ဖို့တယ် ပြီးရင် ပြန်ပြန်ကော်သွားတာပဲ။ ဒီလမ်းက ဂိတ်တွေကိုသွားတဲ့လမ်းလေ။ ပြီးကျရင် ဂိတ်တွေကလည်း ခဏခဏ ဒရုန်းနဲ့ လာတိုက်ခိုက်ခံရနဲ့ဆိုတော့ အဲ့ဒါကြောင့်ဖျက်လိုက်ကြတာပေါ့” ဟုပြောသည်။

အဆိုပါ ဒေသအခေါ် မုံရွာ – အမြင့်လမ်းကို စစ်ကောင်စီတပ်က မြေကော်ကားဖြင့် ဖျက်ဆီးနေသည်မှာ စတုတ္ထအကြိမ်မြောက်ရှိပြီဖြစ်ကြောင်း သိရသည်။

မအူစစ်ဆေးရေးဂိတ်မှ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ ခန့်က ပြီးခဲ့သည့် ဇွန်လ ၁၂ ရက်နေ့ကလည်း ညောင်ပင်သာကျေးရွာကို စစ်ကြောင်းထိုးဝင်ရောက်ပြီး ဒေသခံပြည်သူတို့၏နေအိမ် လေးလုံးကို မီးရှို့ဖျက်ဆီးခဲ့သည်။

သတင်း – Ma Di

ပုံ – မုံရွာ – အမြင့်လမ်းသတင်းမှန်ပြန်ကြားရေး

သင့်ထင်မြင်ချက်ရေးပေးပါ