ရာသီတုပ်ကွေးနှင့် ဝမ်းပျက်ဝမ်းလျှောရောဂါအဖြစ်များနေသော ချီဖွေမြို့ရှိ စစ်ရှောင်စခန်းနှစ်ခုတွင် ဆေးဝါးအကူအညီများလိုအပ်နေကြောင်း သိရသည်။

စခန်းရှိအိမ်ထောင်စုတစ်ခုလျှင် လူသုံးဦးထက်မနည်း မေလကုန်ပိုင်းမှစတင်ကာ နှာစီးချောင်းဆိုး၊ ရာသီတုပ်ကွေးနှင့် ဝမ်းပျက်ဝမ်းလျှောရောဂါများဖြစ်ပွားနေခြင်းဖြစ်ပြီး တစ်ဦးဖြစ်လျှင် တစ်မိသားစုလုံး အဆင့်ဆင့်ကူးစက်နေသည်ဟု ချီဖွေ KBC စစ်ရှောင်စခန်းမှ အမျိုးသမီးတစ်ဦးက The 74 Media ကိုပြောသည်။

 

“စစ်ရှောင်မှာက နေရာကျဉ်းတော့ ဘာရောဂါဖြစ်ဖြစ်ကူးလွယ်တာနေမှာ လေထုကြောင့်လည်း ရောဂါကူးတာနေမှာ အရင်နှစ်တွေမှာက အဲ့လောက်ဖြစ်တာမရှိဘူး။ ရာသီဥတုကူးပြောင်းချိန်မှာ ဗိုက်နာ နှာစေးချောင်းဆိုးလောက်ပဲဖြစ်တာ” ဟုပြောသည်။

 

နေမကောင်းဖြစ်နေသူများတွင် နို့စို့အရွယ်ကလေးများမှ သက်ကြီးရွယ်အိုများအထိပါဝင်နေပြီး ဝမ်းပျက်ဝမ်းလျှောရောဂါအဖြစ်များနေကာ စစ်ရှောင်စခန်းအတွင်းရှိ ဆေးပေးခန်းများတွင်လည်း လိုအပ်သည့်ဆေးဝါးလုံလောက်စွာရရှိရန် ခက်ခဲနေကြောင်း စစ်ရှောင်အမျိုးသမီးတစ်ဦးက ပြောသည်။

 

“ပေးလိုက်တာက နှာစေးချောင်းဆိုးဆိုလည်း ပါရာနဲ့ အမောက်စလင်ပေးတယ်။ အကိုက်အခဲဆိုလည်း အဲ့တာ ဝမ်းပျက်ဝမ်းလျှော ရှိတဲ့ဟာပဲပေးတာ လိုအပ်တာကမရှိဘူး။ ဒီလိုရောဂါမျိုးဖြစ်တာက အားပြတ်လို့ လိုအပ်တဲ့အာဟာရအစားအစာတွေ မရှိလို့ထင်တယ် အားဆေးသွင်းနိုင်တဲ့ ဆေးမျိုးတွေ ကူညီပေးစေချင်တယ်” ဟုပြောသည်။

 

စစ်ရှောင်ပြည်သူများအနေဖြင့် စခန်းအတွင်းရှိ ဆေးပေးခန်းတွင် ဆေးဝါးလုံလောက်မှုမရှိသောကြောင့် အပြင်ဆေးခန်းများတွင် သွားရောက်ဆေးကုသမှုခံယူလိုပါသော်လည်း ငွေကြေးကုန်ကျမှု အလွန်များကြောင်း သူကဆက်ပြောသည်။

 

“စစ်ရှောင်မှာ အလှူရှင်နဲ့ဖွင့်ထားတဲ့ဆေးခန်းမှာက ပိုက်ဆံသိပ်ပေးစရာမလိုဘူး။ ဒါပေမဲ့လုံလောက်တဲ့၊ ကိုယ်ကျေနပ်လောက်တဲ့ဆေးဝါးတွေမရှိဘူး။ ဆေးပေးခန်းမှာသွားပြီဆိုရင်လည်း နည်းနည်းပါးပါး တစ်ရက်၊ နှစ်ရက်လောက်ဆိုရင်တောင် ငွေကသိန်းဂဏန်းတောင်းနေကြတယ်။ ရောဂါက ပျောက်ရမယ့်အချိန်ထိ မပျောက်နိုင်ဘူး” ဟုပြောသည်။

 

ဆေးဝါးလုံလောက်ခြင်းမရှိသောကြောင့် ဆေးရုံဆေးခန်းသွားခြင်းနှင့် စားဆေးများဝယ်ယူကာ ကုသနေရကြောင်း ချီဖွေ LBC စစ်ရှောင်စခန်းရှိ အမျိုးသမီးတစ်ဦးက ပြောသည်။

 

“အပြင်ဆေးခန်းမှာပဲသွားကုကြတာ၊ တုတ်ကွေးဆေးတွေပဲသွားထိုးကြတာ၊ စားဆေးတွေလည်း အပြင်ဆေးခန်းကသွားဝယ်သောက်၊ ဆေးဝါးလုံလောက်အောင်ထားပေးရင်ကောင်းမလားပေါ့။ KBC ကဆေးခန်းတော့ဖွင့်ပေးထားတယ်။ လူများလို့ထင်တယ်ဆေးကသိပ်လုံလောက်မှုမရှိနေဘူး” ဟုပြောသည်။

 

ထို့ကြောင့် လက်ရှိဖြစ်ပွားနေသော ရောဂါများအတွက် လိုအပ်နေသည့် ဆေးဝါးများကို လုံလုံလောက်လောက် ထောက်ပံ့ကူညီပေးစေလိုကြောင်း စစ်ရှောင်များကပြောသည်။

 

လက်ရှိ ချီဖွေ KBC စစ်ရှောင်စခန်းတွင် အိမ်ထောင်စု ၁၃၇ စု လူဦးရေ ၇၀၀ ကျော်နှင့် LBC စစ်ရှောင်စခန်းတွင် အိမ်ထောင်စု ၁၈၆ စု လူဦးရေ ၈၅၀ ခန့်နေထိုင်ပြီး စခန်းတာဝန်ခံများ၏ ပြောကြားချက်အရ ရာသီတုပ်ကွေးနှင့် ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားနေသူ ရာနှင့်ချီရှိသည်ဟု သိရသော်လည်း လူဦးရေအတိအကျအတည်ပြုနိုင်ရန် The 74 Media က ကြိုးစားနေသည်။

 

အဆိုပါစစ်ရှောင်စခန်းနှစ်ခုမှာ ၂၀၁၁ ခုနှစ်ကဖြစ်ပွားခဲ့သော တစ်ကျော့ပြန်စစ်ပွဲကြောင့် ကန်ပိုင်တီ၊ ရစ်ဘန်၊ လောခေါင်၊ နဘုတ်၊ ဂျိတ်လွယ်၊ ရစ်ကျော်၊ ကျင်ထုံး၊ မန်ဒုံ၊ ကောင်လ၊ ဖလ၊ ချောင်းမော၊ ဇန်နောင်ယန်၊ နလော၊ ရှဒူဇွတ်၊ မျော်မောပါ၊ ဂျဝါနှင့် ဖရဲစသည့် ကျေးရွာ ၁၇ ခုမှ ထွက်ပြေးတိမ်းရှောင်လာသူများဖြစ်သည်။

 

သတင်း – Doi Awng

သင့်ထင်မြင်ချက်ရေးပေးပါ