တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ယနေ့ မွန်းလွှဲ ၃ နာရီခွဲခန့်က ပုလဲမြို့နယ်၊ ညောင်ကုန်းကျေးရွာမှ ဘုန်းကြီးတစ်ပါးနှင့် ဒေသခံပြည်သူ ရှစ်ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရသည်။

တစ်စုံတစ်ရာစုဝေးနေခြင်းမရှိဘဲ စစ်ကောင်စီတပ်က အကြောင်းမဲ့ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ဘုန်းကြီးကျောင်းဆောင်ပြိုကျကာ သေဆုံးသူကိုးဦး၏ ရုပ်အလောင်း တွေ့ရှိထားသည်ဟု ပုလဲမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက The 74 Media ကိုပြောသည်။

“ခုလောလောဆယ် ကျွန်တော်တို့ရှင်းလင်းလင်းရေးလုပ်တာက ကိုးယောက်တွေ့တယ်။ ဘုန်းကြီးကျောင်းက လုံးဝပြိုကျသွားတယ် ကျောင်းဆောင်နှစ်ဆောင် ပင်မဆောင်နဲ့ ဘေးကအဆောင်။ အမျိုးသမီးတစ်ယောက် လောလောဆယ်အတည်ပြုထားတယ် အိမ်ထဲမှာနေတဲ့အချိန် ဗုံးစမှန်ပြီး မီးလောင်သေတာ” ဟုပြောသည်။

အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျေးရွာအတွင်းရှိ ဒေသခံပြည်သူတို့၏ နေအိမ် ၁၁ လုံးလည်း မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်က သတင်းမှားရသဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်ထိ သေဆုံးသူအရေအတွက်ကို အတည်ပြုနိုင်ရန်ကြိုစားနေကြောင်း ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၏ တာဝန်ရှိသူတစ်ဦးကပြောသည်။

“လောလောဆယ်ဗုံးသုံးလုံးချသွားတယ်။ အစည်းအဝေးလည်းမရှိဘူး တပ်ရင်းတပ်ဖွဲ့လည်းမရှိဘူး။ သတင်းမှားရလို့ လာလုပ်သွားတဲ့သဘောရှိတယ်။ ရှင်းလင်းရေးအကုန်ပြီးပြီဆိုမှ ပြည်သူဘယ်နှယောက် သေဆုံးသွားတယ်ဆိုတာသိမှာ။ ဘုန်းကြီးကျောင်းကိုဗုံးကြဲတာရော ပစ်တာတွေရောလုပ်တာ” ဟုပြောသည်။

လက်ရှိအချိန်ထိ ရှင်းလင်းရေးလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ပြီး သေဆုံးသူများနှင့် ပတ်သက်ပြီး သီးခြားအတည်မပြုနိုင်သေးကြောင်း သိရသည်။

ပုလဲမြို့နယ်ရှိ ပျူစောထီးများနေထိုင်ရာ ဇီးဖြူကုန်းကျေးရွာကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့က ဇွန်လ ၅ ရက်နေ့က သွားရောက်တိုက်ခိုက်ခဲ့ရာတွင်လည်း စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သည်။

သတင်း – Nan Non

ဓါတ်ပုံ – EPA

သင့်ထင်မြင်ချက်ရေးပေးပါ