သူခိုးဖမ်းဆီးခေါ်ဆောင်လာသည့် တော်လှန်ရေးတပ်ဖွဲ့ဝင်နှစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ယနေ့ နံနက် ၇ နာရီခန့်က မုံရွာမြို့တွင် ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

မုံရွာမြို့ပေါ် လုယက်မှုကျူးလွန်နေသော အမျိုးသားတစ်ဦးကို သွားရောက်ဖမ်းဆီးပြီးနောက် ဆိုင်ကယ်ဖြင့် ပြန်လာချိန် အောင်ချမ်းသာရပ်ကွက်နှင့် အင်းရွာသစ်ရပ်ကွက်ကြားတွင် ပစ်သတ်ခံခဲ့ရခြင်းဖြစ်သည်ဟု ဗန္ဓုလအဖွဲ့၏ ခေါင်းဆောင်က The 74 Media ကိုပြောသည်။

“မြို့ပေါ်မှာ ခိုးဆိုးလုနှိုက်နေတဲ့ လူတစ်ယောက်ကိုသွားကုပ်တဲ့အချိန်မှာ သူရဲ့ မိန်းမက အော်ပြီးတော့ ပြောလိုက်တာကွာ။ အဓိက အဲ့မှာစစ်ကောင်စီနဲ့လည်းနီးတယ်။ အဲ့ချိန်မှာ စစ်ကောင်စီတွေက ကားနဲ့လိုက်လာပြီး နောက်ကနေပစ်လိုက်တာ အဲ့မှာရဲဘော်ကျသွားတာပဲ။ ဖမ်းခံရတဲ့သူကတော့ ခိုးဆိုးလုနှိုက်နေတဲ့သူပေါ့” ဟုပြောသည်။

ကျဆုံးခဲ့သည့် ရဲဘော်နှစ်ဦးမှာ အသက် ၂၇ နှစ်ခန့်အရွယ်ရှိ ကိုမြင်းခြံနှင့် အသက် ၁၈ နှစ်ခန့်အရွယ်ရှိ အငယ်လေးဆိုသူတို့ဖြစ်ကြောင်း သိရသည်။

တော်လှန်ရေးတပ်ဖွဲ့ဝင်များဖမ်းဆီးခဲ့သူသည် သူခိုးဟုတ် မဟုတ်ကို The 74 Media က သီးခြားအတည်ပြုနိုင်ခြင်းမရှိပါ။

ပြီးခဲ့သည့် ဇွန်လ ၁၈ ရက်နေ့ကလည်း မုံရွာမြို့‌ အောင်ချမ်းသာရပ်ကွက် ကန်သာယာအနီးတွင် တော်လှန်ရေးရဲဘော်တစ်ဦး ဖမ်းဆီးခြင်းခံခဲ့ရပြီး ပြန်လွတ်မြောက်လာခြင်းမရှိသေးကြောင်း သိရသည်။

သတင်း – Ma Di

သင့်ထင်မြင်ချက်ရေးပေးပါ