ကမ်းပါးပြိုကျပြီး ပူတာအို – ခေါင်လန်ဖူး လမ်းပိတ်ဆို့နေသောကြောင့် ခေါင်လန်ဖူးမြို့နယ်အတွင် အခြေခံစားသောက်ကုန် ကုန်ဈေးနှုန်းများ မြင့်တက်လာပြီး အချိန်ကြာလာပါက စားသောက်ကုန်များ ပြတ်လပ်သွားနိုင်ကြောင်း သိရသည်။

ရက်သတ္တ နှစ်ပတ်ခန့်အကြာ မိုးအဆက်မပြတ်ရွာသွန်းပြီး ကမ်းပါများပြိုကျခဲ့သဖြင့် လမ်းပိတ်သွားကာ ကုန်ဈေးနှုန်းတစ်ဆခန့်မြင့်တက်လာခြင်းဖြစ်သည်ဟု အသက် ၅၀ ကျော်ခန့်အရွယ်ရှိ ရပ်မိရပ်ဖတစ်ဦးက The 74 Media ကိုပြောသည်။

“ကားတွေမရောက်လာတော့ ကုန်ဈေးနှုန်းတွေလည်း တစ်ရက်ပြီးတစ်ရက် ဈေးတက်သွားတယ်၊ ကားလမ်းပိတ်တာ တစ်လလောက်ပဲရှိသေးတာ ဆန်တစ်အိတ်ကို အရင်ကရှစ်သောင်းကျော်လောက်ပဲရှိတာ အခုဆိုတစ်သိန်းလေးသောင်းကျော်လောက်ရှိသွားပြီ၊ ပဲဆီလည်း တစ်ပိဿာဗူးတစ်ဗူးကို အရင်က ကိုးထောင်လောက်ပဲရှိတာ အခုတော့ တစ်သောင်းလေးထောင်ကျော်ပြီ” ဟုပြောသည်။

                             ဓါတ်ပုံ – ၂၀၂၂ ခုနှစ်က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပူတာအို – မဂွေဇ – ခေါင်လန်ဖူးလမ်း မြေပြိုကာ သွားလာရေးခက်ခဲနေပုံ (ပုံဟောင်းဖြစ်သည်)

ယခင်က လမ်းပိတ်လျှင် တရုတ်နိုင်ငံနယ်စပ်မှ ကုန်စည်များဝယ်ယူရရှိနိုင်သော်လည်း လက်ရှိအချိန်တွင် ဂိတ်ပိတ်ထားသောကြောင့် တစ်လခန့်ကြာ လမ်းများပိတ်ဆို့သွားပါက အခြေခံစားသောက်ကုန်များ ပြတ်လပ်သွားနိုင်ကြောင်း သူကဆက်ပြောသည်။

“အရင်တုန်းကတော့ လမ်းပျက်သွားလည်း တရုတ်ပြည်ဘက်သွားပြီး ဆေးမြစ်တွေနဲ့ ရိက္ခာတွေ လဲလို့ရတယ် ကိုဗစ် ၁၉ ဖြစ်ပြီးနောက်ပိုင်း သွားလို့မရတော့ဘူး။ ရိက္ခာကို ပူတာအို -ခေါင်လန်ဖူးလမ်းကပဲ တင်ရတာဆိုတော့ နောက်ထပ်တစ်လလောက် ကားတွေမရောက်လာနိုင်ရင်တော့ ကုန်ပစ္စည်းတွင် ပြတ်သွားမှာပဲ။ အခုလည်းမိုးရွာတော့ ဘာမှလည်းလုပ်လို့မရဘူး” ဟုပြောသည်။

ခေါင်လန်ဖူးမြို့နယ်သည် အအေးပိုင်းဒေသဖြစ်သောကြောင့် စပါးမဖြစ်ထွန်းသဖြင့် အခြားဒေသမှ ဝယ်ယူစားသုံးရပြီး ပူတာအို – ခေါင်လန်ဖူးလမ်းကိုသာ အဓိကထားအသုံးပြုရကြောင်း အသက် ၂၈ နှစ်ခန့်အရွယ်ရှိ ဒေသခံအမျိုးသားတစ်ဦးကပြောသည်။

“တောင်ပေါ်ဒေသဆိုတော့ ဘာစီးပွားရေးမှလုပ်လို့မရဘူး မြေပြင်အနေထားနဲ့ ရာသီဥတုကြောင့် စပါးစိုက်လည်း စားဖို့အတွက်လုံလောက်အောင် မဖြစ်ထွန်းဘူး။ ပူတာအို – ခေါင်လန်ဖူးကားလမ်းပဲ အဓိကအသုံးပြုပြီး စားသောက်ကုန်အပါအဝင် ကုန်ပစ္စည်းတွေအားလုံးကို ပူတာအိုကနေပဲဝယ်ကြတာ” ဟုပြောသည်။

ခေါင်လန်ဖူးဒေသခံများက ဆေးမြစ်ရှာဖွေခြင်းနှင့် ဟင်းခတ်အမွှေးအကြိုင်စိုက်ပျိုးကာ တရုတ်နိုင်ငံသို့ ရောင်းချသည့်လုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းကြသော်လည်း နယ်စပ်ဂိတ်ပိတ်ထားသောကြောင့် စားဝတ်နေရေးဖြေရှင်းရန် အခက်အခဲကြုံနေရကြောင်း သူကဆက်ပြောသည်။

“အရင်ကလိုဒေသရဲ့ ထုတ်ကုန်တွေ တရုတ်ပြည်နယ်စပ်ဘက်ရောင်းလို့ရရင်တော့ လမ်းပျက်စီးသွားလည်း အခုလောက်ကုန်ပစ္စည်းတွေဈေးတက်မှာမဟုတ်ဘူး။ တရုတ်ဘက်သွားရောင်းရင်တော့ ပိုက်ဆံလည်း ပိုရတယ်လေ။ အခုကပူတာအိုလမ်းလည်း မြေပြိုလို့ပိတ် တရုတ်ပြည်လမ်းလည်းပိတ်ဆိုတော့” ဟုပြောသည်။

ပူတာအို – ခေါင်လန်ဖူးလမ်းသည် ၁၁၅ မိုင်ခန့်ရှည်လျားပြီး ကားဖြင့်နှစ်ရက်ခန့်သွားရကာ ယခင် ကားလမ်းမရှိမီအချိန်က မြင်းများ၊ လားများနှင့် မြည်းများကိုအသုံးပြုကာ မချမ်းဘော့မြို့နှင့် ပူတာအိုမြို့မှ ကုန်ပစ္စည်းများ သယ်ယူလေ့ရှိကြောင်း သိရသည်။

ခေါင်လန်ဖူးမြို့နယ်တွင် ၂၀၁၄ သန်းခေါင်စာရင်းအရ လူဦးရေ တစ်သောင်းကျော်ခန့်နေထိုင်သည်။

သတင်း – Dureng

သင့်ထင်မြင်ချက်ရေးပေးပါ