စစ်ကောင်စီတပ်ဖွဲ့နှင့် ကလေးမြို့နယ် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တို့ကြား ယမန်နေ့ညနေ ၃ နာရီခန့်က ကလေးမြို့နယ်၊ တောင်ပိုင်းတွင် တိုက်ပွဲဖြစ်ပွားခဲ့ရာ CNDF ရဲဘော်တစ်ဦးကျဆုံးခဲ့ကြောင်း သိရသည်။

သာစည်ကျေးရွာအနီးရှိ ဇင်းကလင်းကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်နှင့် ကလေးပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု Chinland Defense Force – Kalay Kabaw Gangaw (CDF-KKG) မှ တာဝန်ရှိသူတစ်ဦးက The 74 Media ကိုပြောသည်။

“တိုက်ပွဲက နည်းနည်းလေးပြင်းထန်တာပေါ့နော် စစ်ကောင်စီက တပ်စွဲထားတာ မြို့ထဲကနေလာကြိုတဲ့အချိန် ပူးပေါင်းတပ်ဖွဲ့ကနေစောင့်ပြီးတော့ တိုက်ခိုက်တဲ့သဘောပေါ့။ တိုက်ပွဲပြီးလို့ ပြန်ဆုတ်တဲ့အချိန်မှာ လက်နက်ကြီးတွေ ပစ်ကူပေးတယ်။ အခြေအနေမဟန်လို့ ပြန်ဆုတ်တဲ့အချိန် ရဲဘော်တစ်ယောက်ကျသွားတယ်” ဟုပြောသည်။

ကျဆုံးခဲ့သည့် ရဲဘော်မှာ CNDF- VAKOK တပ်ဖွဲ့ဝင် မင်းခန့်ကျော် (ခ) သားလေးဆိုသူဖြစ်ပြီး CDF – KKG တပ်ဖွဲ့ဝင် သုံးဦးနှင့် ကလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်(ပ.က.ဖ) တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သူကဆက်ပြောသည်။

တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း စစ်ကောင်စီတပ်က သာစည်ကျေးရွာမှ နေအိမ် ၁၀ လုံးထက်မနည်းကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း Kalay – PDFတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

“အိမ်ကြီးအိမ်ကောင်းတွေပါသွားတယ် တချို့တွေကတော့ ကလေးမြို့ထဲကို ရှောင်နေကြတယ်။ တချို့ကတော့ ဘေးနားပတ်ဝန်းကျင် လုံခြုံစိတ်ချရတဲ့နေရာတွေကို ရှောင်ကြတယ်။ သာစည်ရွာကတော့ ရွာကြီး အိမ်ခြေတစ်ထောင်လောက်ရှိမယ်” ဟုပြောသည်။

ဇွန်လ ၁၈ ရက်နေ့ကလည်း တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က ရမ်းသမ်းပစ်ခတ်သည့် လက်နက်ကြီးကြောင့် ကလေးမြို့နယ် တောင်ပိုင် ဇင်းကလင်းကျေးရွာအနီးရှိ ဟိုမာကျေးရွာမှ အမျိုးသားတစ်ဦး သေဆုံးခဲ့ပြီး သာယာကုန်းကျေးရွာမှ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ကလေးမြို့နယ်၊ သာစည်ကျေးရွာတွက်လည်း ဇွန်လ ၁၆ ရက်နေ့က စစ်ကောင်စီတပ်က လက်နက်ကြီးရမ်းသမ်းပစ်ခတ်ခဲ့သောကြောင့် ကလေးငယ်တစ်ဦးသေဆုံးခဲ့သည်။

စစ်ကိုင်းတိုင်း ကလေးမြို့နယ်တွင် ၂၀၁၄ ခုနှစ်သန်းခေါင်စာရင်းအရ ကျေးရွာအုပ်စုပေါင်း ၄၁ ခုရှိပြီး လူဦးရေ သုံးသိန်းကျော်နေထိုင်သည်။

သင့်ထင်မြင်ချက်ရေးပေးပါ