မြောင်မြို့နယ်တွင် ယနေ့နံနက် ၅ နာရီခန့်က စစ်ကောင်စီတပ်ဖွဲ့ဝင်များဝင်ရောက်စီးနင်းခဲ့ပြီး လက်နက်ကြီး ပစ်ခတ်ခဲ့သောကြောင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင် သုံးဦး ကျဆုံးခဲ့ကြောင်း သိရသည်။

ကျောက်ရစ်ရဲစခန်းမှထွက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပရိမ္မကျေးရွာကို ဝင်ရောက်ကာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကို ဖမ်းဆီးသွားပြီးနောက် လက်နက်ကြီး ပစ်ခတ်ခဲ့သဖြင့် ကာကွယ်ရေးတပ်ဖွဲ့ဝင် သုံးဦးကျဆုံးခဲ့ခြင်းဖြစ်သည်ဟု မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ (CDSOM) မှ တာဝန်ရှိသူတစ်ဦးက The 74 Media ကိုပြောသသည်။

“မိုးလင်းပိုင်းမှာဝင်စီးတာ။ ချက်ချင်းသွားတဲ့အချိန်မှာ လုံးဝဘာမှလုပ်လို့မရတော့တဲ့ အခြေအနေ ဖြစ်နေတာ။ လက်နက်ကြီးနဲ့ တောက်လျှောက်ပြစ်ပြီးထွက်တဲ့အချိန် သူတို့ဘက်က လက်နက်ကြီး မှန်ပြီးတော့ ဖမ်းခံရတဲ့သူရဲ့သားအကြီးက နေရာမှာပွဲချင်းပြီး ကျသွားတာပေါ့။ နောက်ထပ်ရဲဘော် နှစ်ယောက်လည်း ကျသွားတယ်” ဟုပြောသည်။

ဖမ်းဆီးခံခဲ့ရသည့် ကာကွယ်ရေးတပ်ဖွဲ့ဝင်နှင့်အတူ အမျိုးသမီးဖြစ်သူလည်း ဖမ်းဆီးခံခဲ့ရကြောင်း သူကဆက်ပြောသည်။

“လင်မယားနှစ်ယောက် သူ့မိန်းမကနေပြီး သူ့ယောက်ျားကို လာခေါ်ခိုင်းတာပေါ့နော်။ လာခေါ်ခိုင်းတဲ့အချိန် စောင့်ဖမ်းတာ” ဟုပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပရိမ္မကျေးရွာမှ ထွက်ခွာလာချိန် ပြည်သူ့ကာကွယ်ရေးတပ်က တိုက်ခိုက်ခဲ့သော်လည်း စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် အဆက်မပြတ်ပစ်ခတ်ခဲ့သဖြင့် ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း Myaung Union Army က တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ရဲဘော်သုံးယောက်လက်နက်ကြီးကျသေတယ်။ မနက်အစောကြီးဖြစ်သွားတာ။ စစ်ကောင်စီလက်ထဲပါသွားတာပေါ့ တစ်ယောက်ကတော့။ တိုက်ပွဲက ဟိုလိုကြီးမဖြစ်ပါဘူး။ သူတို့ဘက်က လက်နက်ကြီးပစ်တော့ ရဲဘော်တွေက ပြန်ဆုတ်ရတာ” ဟုပြောသည်။

လက်ရှိအချိန်တွင် အဆိုပါစစ်ကြောင်းမှာ ကျောက်ရစ်ရဲစခန်းသို့ ပြန်လည်ထွက်သွားကြောင်း သိရသည်။

မြောင်မြို့နယ် ဆွဲလွဲအိုကျေးရွာရှိ စစ်ကိုင်းခရိုင်တပ်ရင်းအမှတ် (၁)၊ တပ်ခွဲ(၃) စခန်းတစ်ခုနှင့် T.G.R တပ်ဖွဲ့၏ စခန်းတစ်ခုလည်း မတ်လ ၃၀ ရက်နေ့က ဝင်ရောက်စီးနင်းခံခဲ့ရပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် ဒုတပ်ရင်းမှူး ဗိုလ်ဆင်ရိုင်းကျဆုံးခဲ့သည်။

ပြီးခဲ့သည့် မတ်လ ၂၄ ရက်နေ့ကလည်း မြောင်မြို့နယ်၊ လက်ယက်မကျေးရွာအနီးတွင် စစ်ကောင်စီ တပ်မ ၉၉ လက်အောက်ခံ ဘီလူးစစ်ကြောင်းကို လိုက်လံကင်းထောက်နေစဉ် အလှစ်ဝင်ရောက် တိုက်ခိုက်ခံခဲ့ရပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်ငါးဦး ကျဆုံးခဲ့သည်။

အဆိုပါစစ်ကြောင်းနှင့် ဒေသခံပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တို့ကြား ပြီးခဲ့သည့် မတ်လ ၂၁ ရက်နေ့ကလည်း တိုက်ပွဲဖြစ်ပွားခဲ့ရာ တပ်ကြပ်ကြီးတစ်ဦးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၉ ဦးခန့်သေဆုံးခဲ့ကြောင်းသိရသည်။

သတင်း – Nan Non

သင့်ထင်မြင်ချက်ရေးပေးပါ