ကချင်လွတ်မြောက်ရေးတပ် (KIA)နှင့် စစ်ကောင်စီတပ်တို့ ဝိုင်းမော်မြို့နယ်၊ နမ်ဆန်ယန်ကျေးရွာတွင် ယမန်နေ့က တိုက်ပွဲဖြစ်ပွားနေချိန် ထိပြည်သူတစ်ဦး ခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပွားနေချိန် လိုင်ဇာမြို့မှ ဗန်းမော်မြို့သို့သွားရာ နမ်ဆန်ယန်ကျေးရွာအထွက်ရှိ တံတားအနီးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု နမ်ဆန်ယန်ကျေးရွာမှ ဒေသခံအမျိုးသမီးတစ်ဦးက The 74 Media ကိုပြောသည်။

“စစ်ကောင်စီက ရပ်ဖို့တားတဲ့အချိန် မရပ်ဘဲဖြတ်သွားလို့ ပစ်လိုက်တယ်လို့ ကြားသိရတယ်” ဟုပြောသည်။

ထိခိုက်ဒဏ်ရာရရှိခဲ့သူမှာ အသက် ၅၀ နှစ်ခန့်အရွယ်ရှိ ဦးအောင်မင်းဆိုသူဖြစ်ပြီး ဘယ်ဘက်ပေါင်နှင့် လက်တို့တွင် သေနတ်ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“ဖြစ်သွားတာတော့ ဗန်းမော်သွားတဲ့လမ်းဖက်က တံတားနားမှာ နမ်ဆန်ယန်ဒေသခံတော့ မဟုတ်ဘူး။ သွားရင်းလာရင်းထိသွားတာ လက်နဲ့ ပေါင်မှ ထိသွားတယ်။ အခြေအနေတော့ အများကြီး မစိုးရိမ်ရဘူး” ဟုပြောသည်။

ဦးအောင်းမင်းမှာ လက်ရှိ လိုင်ဇာမြို့ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေကြောင်း သိရသည်။

ယမန်နေ့က ဖြစ်ပွားခဲ့သောတိုက်ပွဲကြောင့် ဒေသခံပြည်သူများနှင့် ကျေးရွာအတွင်း အလုပ်လာရောက်လုပ်ကိုင်နေသူ တစ်ထောင်ကျော်ခန့်က ဝိုင်းမော်မြို့နှင့် မိုင်းနားကျေးရွာရှိ ဘုရားကျောင်းများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

ပြီးခဲ့သည့် ဇွန်လ ၁၆ ရက်နေ့ကလည်း ဝိုင်းမော်မြို့နယ် နမ်ဆန်ယန်ကျေးရွာအနီးတွင် စစ်ကောင်စီစစ်ကြောင်းနှင့် KIA တပ်ဖွဲ့တို့ကြား တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များထံမှ လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိခဲ့သည်။

ဝိုင်းမော်မြို့နယ် နမ်ဆန်ယန်ကျေးရွာဒေသခံပြည်သူများသည် ၂၀၁၁ ခုနှစ်က တကျော့ပြန်စစ်ပွဲကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ၂၀၁၈ ခုနှစ်တွင် မူလနေရပ်တွင်ပြန်လည်နေထိုင်ခဲ့ကြခြင်းဖြစ်သည်။

သတင်း – Pan Soon

ဓါတ်ပုံ – ပေးပို့

သင့်ထင်မြင်ချက်ရေးပေးပါ