မီးသတ်အရာရှိဗိုလ်တစ်ဦးကို ဖားကန့်မြို့ မှော်ဝမ်းရပ်ကွက်နေအိမ်မှ အမည်မသိအမျိုးသားသုံးဦးက လာရောက်ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

ဇူလိုင်လ ၁ ရက်နေ့က နေအိမ်တွင်ရှိနေစဉ် အမျိုးသားသုံးဦးက ကားဖြင့်ရောက်ရှိလာကာ ဖမ်းဆီးသွားခြင်းဖြစ်ပြီး လက်ရှိအချိန်ထိ အဆက်အသွယ်မရှိသေးဟု နီးစပ်သူတစ်ဦးက The 74 Media ကိုပြောသည်။

“အိမ်ရှေ့မှာကားရပ်ပြီးခေါ်သွားတာ မျက်နှာတွေကိုတော့ သေချာမမြင်လိုက်ရဘူး။ နှစ်ယောက်က သူရဲ့လက်ကို ချုပ်ပြီးခေါ်သွားတာ ဘာကြောင့်ဖမ်းသွားတယ်လို့လည်း မပြောဘူး။ အခုချိန်ထိလည်း စာမလာ အကြောင်းမကြား” ဟုပြောသည်။

ဖမ်းဆီးခံရသူမှာ အသက် ၃၈ နှစ်ခန့်အရွယ်ရှိ မီးသတ်တစ်ပွင့်ဗိုလ် ဦးတင်ထွန်းနိုင်ဆိုသူဖြစ်ပြီး ဖားကန့်မြို့ မီးသတ်ဌာနတွင် တာဝန်ထမ်းဆောင်နေသူဖြစ်ကြောင်း သိရသည်။

ဦးတင်ထွန်းနိုင်ကို လက်ရှိအချိန်ထိ အဆက်အသွယ်မရရှိဘဲ မည်သည့်နေရာတွင်ဖမ်းဆီးထားသည်ကိုလည်း မသိရှိရသေးကြောင်း အသက် ၅၆ နှစ်ခန့်အရွယ်ရှိ အေးမြသာယာရပ်ကွက်နေအမျိုးသားတစ်ဦးက ပြောသည်။

“လူကောင်းပါဗျာ သင်တန်းတွေလည်းတူတူတက်ခဲ့ဖူးတော့ သူစိတ်ရင်းကိုပိုသိတာပေါ့။ တစ့်ပွင့်တောင်ရနေပြီ အခုကဖမ်းသွားပြီး ဘယ်မှာထားထားကြတာလဲတော့မသိသေးဘူး။ လာဖမ်းတုန်းကတော့ သေနတ်တွေတောင်ပါခဲ့တယ်” ဟုပြောသည်။

ဖားကန့်မြို့နယ်တွင် ယခုရက်ပိုင်းအတွင်း ခိုးဆိုးလုယက်မှုများ၊ ဖမ်းဆီးခံရမှုနှင့် သတ်ဖြတ်ခံရမှုများ မကြာခဏဖြစ်ပေါ်နေပြီး ဖားကန့်မြို့ မြို့မရပ်ကွက်ရှိ လက်ဖက်ရည်ဆိုင်ပိုင်ရှင်တစ်ဦးကိုလည်း ဇွန်လ ၁၃ ရက်နေ့က အမည်မသိလက်နက်ကိုင်တစ်ဖွဲ့က ပြန်ပေးဆွဲသွားပြီး ငွေကျပ်သိန်းသုံးရာနှင့် ရွှေ ၁၀ ကျပ်သားတောင်းခံခဲ့သည်။

သတင်း – SK

သင့်ထင်မြင်ချက်ရေးပေးပါ