ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO/KIA) ဌာနချုပ် လိုင်ဇာခရိုင်အတွင်း စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလျက်ရှိသောကြောင့် ဒေသခံပြည်သူများ သွားလာရေးနှင့် လုံခြုံရေးအတွက် အထူးဂရုပြုရန် လိုင်ဇာခရိုင် အုပ်ချုပ်ရေးရုံးက ယနေ့ရက်စွဲဖြင့် ထုတ်ပြန်လိုက်သည်။

ထုတ်ပြန်ချက်တွင် မြစ်ကြီးနား – ဗန်းမော်လမ်းတစ်လျောက် သွားလာခြင်းကို တတ်နိုင်သ၍ သတိထား ရှောင်ရှားရန်နှင့် မဖြစ်မနေ သွားလာရန်လိုအပ်ပါက စစ်ရေးအခြေအနေ စောင့်ကြည့်လေ့လာပြီးမှသာ သွားလာကြရန် ဖော်ပြထားသည်။

ထို့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် နီးကပ်သောနေရာများသို့ သွားလာလှုပ်ရှားခြင်းနှင့် တိုက်ပွဲဖြစ်ပွားနေသောနေရာများ၊ တိုက်ပွဲဖြစ်ပွားနိုင်သောနေရာများသို့ သွားလာခြင်းကို သတိထား ရှောင်ကြဉ်ကြရန်လည်း သတိပေးထားသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များကို လူအားဖြင့်ဖြစ်စေ၊ ပစ္စည်းများဖြင့်ဖြစ်စေ ပါဝင်ကူညီပတ်သက်ခြင်း မပြုလုပ်ရန် ထုတ်ပြန်ချက်တွင် ပါဝင်သည်။

လိုင်ဇာမြို့နှင့် မိုင် ၁၂ ခန့်ကွာဝေးသည့် ဝိုင်းမော်မြို့နယ် နမ်ဆန်ယန်ကျေးရွာတွင် စစ်ကောင်စီတပ်နှင့် ကချင်လွတ်မြောက်ရေးတပ် (KIA) တို့ကြား ဇူလိုင်က ၃ ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်ရှိအချိန်တွင်လည်း စစ်ရေးအခြေအနေတင်းမာလျက်ရှိသည်။

ယမန်နေ့ကဖြစ်ပွားခဲ့သောတိုက်ပွဲကြောင့် ခရီးသွားပြည်သူတစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဒေသခံပြည်သူများနှင့် ကျေးရွာအတွင်း အလုပ်လာရောက်လုပ်ကိုင်နေသူ တစ်ထောင်ကျော်ခန့်က ဝိုင်းမော်မြို့နှင့် မိုင်းနားကျေးရွာရှိ ဘုရားကျောင်းများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

သတင်း – Doi Awng

ဓါတ်ပုံ – ကေအိုင်အေတပ်ဖွဲ့ဝင်နှစ်ဦးကိုတွေ့ရစဉ်။

သင့်ထင်မြင်ချက်ရေးပေးပါ