တိုက်ပွဲဖြစ်ပွားခြင်းမရှိသော ဒီးမော့ဆိုမြို့နယ်ရှိ စစ်ရှောင်စခန်းတစ်ခုကို ယနေ့နံနက် ၂ နာရီခန့်က စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်သောကြောင့် ကလေးငယ်တစ်ဦးအပါအဝင် မိသားစုဝင်သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

တိုက်လေယာဉ်တစ်စင်းဖြင့် သုံးကြိမ်လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ရှောင်စခန်းရှိ အဆောက်အဦးအချို့ ထိခိုက်ပျက်စီးခဲ့သည်ဟု ဒီးမော့ဆိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦး The 74 Media ကို ပြောသည်။

“စစ်ရှောင်ပြည်သူတွေ အိပ်ပျော်နေတဲ့အချိန် လာကြဲသွားတာပါ။ စစ်ရှောင်နေအိမ်အပါအဝင် အဓိကကတော့ ကျောင်းဆောင်ရယ်၊ စတိုဆောင်ရယ် ပျက်စီးသွားပါတယ်” ဟုပြောသည်။

မိသားစုတစ်ခုမှ အသက်သုံးနှစ်ခန့်အရွယ်ရှိ ကလေးတစ်ဦးနှင့် မိဘနှစ်ဦးက ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း ကရင်နီပြည်စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေးကွန်ရက်မှ အဖွဲ့ဝင်တစ်ဦးက ပြောသည်။

“အခြေအနေ မစိုးရိမ်ရပါဘူး။ ထိတာတော့ မိသားစုတစ်ခုမှာပါ ကလေးက ခေါင်းကိုထိတယ်။ သူ့အမေက လက်ချောင်းပြတ်သွားတယ်ပေါ့နော်။ သူ့ယောက်ျားက ပေါင်မှာထိသွားတယ်” ဟုပြောသည်။

ဗုံးကြဲတိုက်ခိုက်မှုကြောင့် စစ်ရှောင်စာသင်ကျောင်းမှ စာသင်ဆောင်နှစ်ခု၊ ပစ္စည်းသိုလှောင်ခန်းများနှင့် စစ်ရှောင်နေအိမ်သုံးလုံး ပျက်စီးခဲ့သည်။

အဆိုပါစစ်ရှောင်စခန်းတွင် အိမ်ခြေ ၈၀ လူဦးရေ ၄၀၀ ကျော်နေထိုင်ပြီး လက်ရှိအချိန်တွင် စစ်ရှောင်ပြည်သူများက နီးစပ်ရာဒေသများသို့ ပြောင်းရွှေ့နေကြသော်လည်း ပြောင်းရွှေ့ရန်ခက်ခဲသော ပြည်သူအချို့မှာ စစ်ရှောင်စခန်းတွင် ဆက်လက်နေထိုင်နေဆဲဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇွန်လ ၂၂ ရက်နေ့ကလည်း ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အနောက်ဖက်ခြမ်းရှိတဲ့ ဒိုးရော့ရွာကို စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင် အမျိုးသားတစ်ဦးသေဆုံးခဲ့ပြီးး မိသားစုဝင်နှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

သတင်း – Pan Soon

ဓာတ်ပုံ – ပေးပို့

 

သင့်ထင်မြင်ချက်ရေးပေးပါ