ကချင်လွတ်မြောက်ရေးတပ် (KIA) ၏ ဝိုင်းမော်မြို့နယ် ဆဒုံးရေတံခွန်အနီးရှိ ရှေ့တန်းတပ်စခန်းတစ်ခု ယမန်နေ့က လက်လွတ်ခဲ့ရကြောင်း သိရသည်။

လီဆူပြည်သူ့စစ်နှင့် စစ်ကောင်စီပူးပေါင်းတပ်က လဂတ်ကောင်စခန်းကို ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု KIA သတင်းရင်းမြစ်တစ်ဦးက The 74 Media ကိုပြောသည်။

“ရှေ့တန်းစခန်းကိုက ဆုတ်ခွာတာတော့မဟုတ်ဘူး။ စစ်တပ်တွေလာလို့မရအောင် နောက်ကထိန်းချုပ်နေတာဟုတ်တယ်။ စစ်ကောင်စီတပ်တို့ရလိုက်တာလည်းမဟုတ်ဘူး။ စစ်ပွဲဖြစ်လာကတည်းက အဲ့မှာဘယ်သူမှမရှိတော့ဘူး။ တခြားနေရာကနေပဲပစ်နေတာဟုတ်တယ်” ဟုပြောသည်။

အဆိုပါတိုက်ပွဲတွင် KIA တပ်ဖွဲ့ဝင်သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များလည်း အထိအခိုက်ရှိခဲ့ကြောင်း KIA နှင့်နီးစပ်သည့် သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

“ကျွန်တော်တို့ဘက်ကတော့ သုံးဦး ထိခိုက်ဒဏ်ရာအနည်းငယ်ရတယ်။ စစ်တပ်ဘက်ကတော့ ကျွန်တော်တို့ဘက်က ဗိုလ်တစ်ယောက်ပစ်တာတောင် ဆယ်ယောက်လောက်ရှေ့မှာသေသွားတယ်လို့ပြောတယ်။ ဘယ်လောက်သေတာက မသိရဘူး” ဟုပြောသည်။

ဆဒုံးရေတံခွန်အနီးတွင် တိုက်ပွဲဖြစ်ပွားနေသည်မှာ ၁၀ ရက်ခန့်ရှိပြီဖြစ်ပြီး ဇူလိုင်လ ၁ ရက်နေ့ ညနေ ၄ နာရီခန့်ကလည်း စစ်ကောင်စီတပ်က တိုက်လေယာဉ်နှစ်စီးဖြင့် လေးကြိမ်ခန့် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်းသိရသည်။

ပြီးခဲ့သည့် ဇွန်လ နောက်ဆုံးအပါတ်တွင် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ် ကိုယ်စားလှယ်များ ဝိုင်းမော်မြို့နယ်တွင် ပစ်ခတ်ခံရပြီးနောက်ပိုင်း ဆဒုံးရေတံခွန်အနီး ကချင်လွတ်မြောက်ရေးတပ် (KIA) နှင့်တိုက်ပွဲများ မကြာခဏဖြစ်ပွားနေသည်။

သတင်း – Doi Awng

သင့်ထင်မြင်ချက်ရေးပေးပါ