အမျိုးသားတစ်ဦးသေဆုံးနေသည့် ရုပ်အလောင်း ဝိုင်းမော်မြို့နယ် ဧရာဝတီမြစ်အနီးတွင် ယမန်နေ့ ညနေ ၅ နာရီခန့်က တွေ့ရှိခဲ့ကြောင်း သိရသည်။

မိုင်းနားအုပ်စု မခေါဒီကျေးရွာရှိ ဒေသအခေါ် ရွှေအင်း သဲကျောက်ပုံအနီးတွင် သေဆုံးနေသည့် ရုပ်အလောင်းတစ်လောက်ကိုတွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု မြင့်မြတ်စေတနာ လူမှုကူညီရေးအသင်း တာဝန်ရှိသူတစ်ဦးက The 74 Media ကိုပြောသည်။

“ရဲစခန်းကအကြောင်းကြားလာတာ မြစ်ဘေးသဲကျောက်ပုံမှာ သေဆုံးနေတာ။ မျက်နှာကမဲနေပြီ ဘေးပတ်ဝန်းကျင်ကပြောတာတော့ ဆေးလွန်ပြီးသေသွားတာလို့ ပြောကြတယ်။ ဘယ်ကလဲတော့ မသိဘူး” ဟုပြောသည်။

သေဆုံးနေသူမှာ အသက် ၄၀ နှစ်ခန့်အရွယ်ရှိ အမျိုးသားဖြစ်ပြီး ရုပ်အလောင်းကို မခေါဒီကျေးရွာသုဿာန်တွင် မြေမြုပ်သင်္ဂြိုဟ်ပြီးဖြစ်ကြောင်း သိရသည်။

ဝိုင်းမော်မြို့နယ် နန့်ဝါကျေးရွာရှိ လယ်တောတွင်လည်း ပြီးခဲ့သည့် ဇွန်လ ၂၂ ရက်နေ့က ဆေးလွန်ကာသေဆုံးနေသည့် အမျိုးသားတစ်ဦး၏ ရုပ်အလောင်းကိုတွေ့ရှိခဲ့သည်။

သတင်း – Doi Awng

ဓါတ်ပုံ – မွန်မြတ်စေတနာလူမှုကူညီရေးအသင်း

သင့်ထင်မြင်ချက်ရေးပေးပါ