စစ်ကောင်စီတပ်က တစ်လခန့်ကြာ လမ်းပိတ်ထားသောကြောင့် ရှင်ဗွေယန်မြို့နယ်ခွဲရှိ ကျေးရွာအချို့မှ ဒေသခံပြည်သူများ စားဝတ်နေရေးအတွက် အခက်အခဲကြုံနေရကြောင်း သိရသည်။

နာဂတပ်ဖွဲ့က အခွန်ဂိတ်အသစ်ဆောက်လုပ်လာသောကြောင့်ဟုဆိုကာ ခလုံးကျေးရွာ၊ တလူးကျေးရွာနှင့် ရွှေမှော်များသို့ အဓိကကုန်သွယ်ရေးလမ်းကြောင်းဖြစ်သည့် ရေလမ်းကိုပိတ်လိုက်ခြင်းဖြစ်သည်ဟု စက်လှေမောင်းနှင်သူတစ်ဦးက The 74 Media ကို ပြောသည်။

“ခလုံးလှေဆိပ်အောက်နားလေးမှာ ဂိတ်တစ်ခုပြန်တိုးလာလို့ အဲ့ဒါရှင်းလင်းနေလို့ ဖြတ်လို့မရဆိုပြီး တလူးမှာထိုင်တဲ့ စစ်တပ်တွေရေလမ်းကြောင်းပိတ်ထားတယ်လို့ပြောတယ်” ဟုပြောသည်။

စစ်ကောင်စီတပ်က ရေလမ်းသာရှိသောကျေးရွာများနှင့် မှော်များသို့ စက်လှေဖြင့် ကုန်ပစ္စည်းပို့ဆောင်ခြင်းနှင့် ခရီးသွားခွင့် ပိတ်ပင်ထားသောကြောင့် ဒေသခံပြည်သူများအပြင် စက်လှေသမားများလည်း စားဝတ်နေရေးအတွက် အခက်အခဲကြုံတွေ့နေရခြင်းဖြစ်ကြောင်း သူကဆက်ပြောသည်။

“စက်လှေနဲ့ ကုန်ပစ္စည်းသယ်တာက အမြတ်ကြီးမရပေမယ့် ဒီအလုပ်နဲ့ပဲ မိသားစုဝမ်းရေးနဲ့ ကလေးတွေရဲ့ ပညာရေးစရိတ် ဖြေရှင်းနေရတာ။ မှော်ထဲဝင်ဖို့ ပစ္စည်းတွေအကုန်တင်ပြီးတော့မှ လမ်းပိတ်သွားတော့ မိုးရာသီဆိုတော့ ကုန်ခြောက်တွေလည်း ရေစိုပြီးပျက်စီးကုန်ပြီ။ ခရီးသည်သီးသန့်တင်တဲ့ စက်လှေတွေလည်း မထွက်ရတော့ အကုန်ဒုက္ခရောက်နေကြတာ” ဟုပြောသည်။

တနိုင်း – တလူး ရေလမ်းကြောင်းသည် တလူးကျေးရွာ၊ တုံမဏီ၊ ဝေဘီခူး၊ ခမံစီ၊ မှော်ဝမ်းပလန်၊ ဒိုက်စီး၊ ပန်ကာမှော်စသည့် ရွှေမှော်များနှင့် နာဂကျေးရွာများသို့ အခြေခံစားသောက်ကုန်များ ပို့ဆောင်ရာတွင် အဓိက အသုံးပြုသောလမ်းဖြစ်သည်။

အဆိုပါနာဂတပ်များက၂၀၁၉ ခုနှစ်အစောပိုင်းတွင် ဒေသအခေါ် နာဆိုင်ဟူသောနေရာတွင် အခြေချကာ အခွန်ကောက်ခံခဲ့သော်လည်း ကိုဗစ်၁၉ ရောဂါကာလတွင် ရပ်နားခဲ့ပြီး ယခုနှစ် မေလမှစတင်ကာ ဂိတ်စခန်း  ဆောက်လုပ်လာခြင်းဖြစ်ကြောင်း ဒေသခံများထံကသိရသည်။

စစ်ကောင်စီတပ်က ခေါင်းစဉ်အမျိုးမျိုးဖြင့် ယခုကဲ့သို့ ရေလမ်းကြောင်းပိတ်ဆို့လေ့ရှိပြီး နိုင်ငံရေးမတည်ငြိမ်သည့် ကာလတွင် လုပ်ကိုင်စားသောက်နေရသော ပြည်သူများကို ပုံမှန်သွားလာခွင့်ပြုစေလိုကြောင်း ရှင်ဗွေယန်မြို့နေ ရပ်မိရပ်ဖတစ်ဦးကပြောသည်။

“ပိတ်လိုက် ဖွင့်လိုက်ဆိုတော့ ပြည်သူတွေကနစ်နာပြီး ခက်ခဲတာပေါ့နော်။ စက်လှေကတော့ ပုံမှန်လေး သွားနေရင်တော့ ကောင်းတာပေါ့။ စက်လှေမောင်းတာဖြစ်ဖြစ်၊ ရွှေလုပ်တာဖြစ်ဖြစ် လူမျိုးပေါင်းစုံရှိတာပေါ့နော်။ နိုင်ငံရေးအကြပ်အတည်းကာလမှာ စားဝတ်နေရေးအတွက် ရုန်းကန်လှုပ်ရှားနေရတဲ့ အချိန်ကာလတစ်ခုအတွင်း စီမံအုပ်ချုပ်နေတဲ့သူတွေအနေနဲ့ ဘယ်လိုပဲဖြစ်ပါစေ၊ အားလုံးအဆင်ပြေအောင် ပုံမှန်စီမံခန့်ခွဲစေချင်တယ်” ဟုပြောသည်။

လက်ရှိ ရွှေမှော်များတွင် ငွေတိုးဆန်တစ်အိတ်လျင် ကျပ်တစ်သိန်းခွဲ၊ ပေါ်ဆန်မွှေးတစ်အိတ် နှစ်သိန်းကျပ်ခန့်နှင့် စက်သုံးဆီတစ်ပေပါလျင် ကျပ်ဆယ်သိန်းကျော်အထိ ဈေးနှုန်းမြင့်တက်နေပြီး အကန့်အသတ်ဖြင့်သာ ရောင်းချပေးနေကြောင်း သိရသည်။

ရှင်ဗွေယန်မြို့သည် တနိုင်းမြို့နယ်အတွင်းရှိ မြို့နယ်ခွဲတစ်ခုဖြစ်ပြီး ၂၀၁၄ သန်းခေါင်စာရင်းအရ အိမ်ထောင်စု ၂,၁၃၀ စုရှိပြီး လူဦးရေ ၁၁,၄၅၃ ဦး နေထိုင်သည်။

သတင်း – Pan Soon

သင့်ထင်မြင်ချက်ရေးပေးပါ