စစ်ကောင်စီစစ်ကြောင်းဝင်ရောက်လာသဖြင့် ဆားလင်းကြီးမြို့နယ် ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရပြီး စစ်ဘေးမရှောင်နိုင်သည့် သက်ကြီးရွယ်အိုအချို့ အစာရေစာပြတ်လပ်ကာ သေဆုံးမှုများရှိနေကြောင်း သိရသည်။

ညောင်ပင်ကြီးကျေးရွာအုပ်စုတွင် စစ်ကောင်စီစစ်ကြောင်းက လက်နက်ကြီးရမ်းသမ်းပစ်ခတ်ကာ ဝင်ရောက်လေ့ရှိပြီး ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကာ မရှောင်ခဲ့နိုင်သည့် သက်ကြီးရွယ်အိုနှစ်ဦးမှာ ကျေးရွာအတွင်းပိတ်မိနေစဉ် အစာရေစာပြတ်လပ်ကာ သေဆုံးခဲ့သည်ဟု အသက် ၃၄ နှစ်ခန့်အရွယ်ရှိ ရပ်မိရပ်ဖတစ်ဦးက ပြောသည်။

“လက်နက်ကြီးသံကြားပြီဆိုတော့ အားလုံးပြေးကြတယ်လေ၊ အသက်ကြီးတဲ့သူတွေကိုလည်း ဆိုင်ကယ်နဲ့တင်ပြီးပြေးတယ်။ ဆိုင်ကယ်မရှိတဲ့သူတွေကတော့ လက်တွဲခေါ်ပြီးပြေးကြတယ်။ ခေါ်သွားမယ့်သူမရှိတဲ့ သူတွေကတော့ ရွာမှာကျန်ခဲ့တာ သွားခေါ်လို့လည်းမရဘူး သူတို့နေအိမ်မှာပဲ အစာကျွေးမယ့်သူလည်းမရှိ ပြုစုပေးမယ့်သူမရှိလို့ အစာပြတ်ပြီးဆုံးသွားတယ်” ဟုပြောသည်။

သေဆုံးခဲ့သူနှစ်ဦးမှ အသက် ၈၀ နှစ်ခန့်အရွယ်ရှိ ဒေါ်ခင်ရွှေဆိုသူမှာ ဇွန်လ (၁၈) ရက်နေ့က သေဆုံးခဲ့ပြီး အသက် ၈၂ နှစ်ခန့်အရွယ်ရှိ ဦးခွေးမောင်ဆိုသူမှာ ဇူလိုင်လ (၁) ရက်နေ့က သေဆုံးခဲ့ခြင်းဖြစ်သည်။

ဒေသခံများထွက်ပြေးတိမ်းရှောင်နေချိန် စစ်ကောင်စီတပ်ဖွဲ့ဝင်များက နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ပြီး ရဲစခန်းအနီးရှိ နေအိမ် ၃၀ ထက်မနည်းကိုလည်း စခန်းပိုင်မြေအဖြစ် သိမ်းယူခဲ့ကြောင်း ရပ်မိရပ်ဖကဆက်ပြောသည်။

“အဲ့ကောင်တွေက ပြည်သူတွေသူတို့ကိုမတော်လှန်နိုင်အောင်လည်း လမ်းအမျိုးမျိုးသုံးပြီး စိတ်ဓာတ်ကျအောင်လုပ်နေတာ။ ငါတို့ရွာကိုဝင်လာတုန်းကလည်း သူတို့အင်အားနဲ့ဆို တစ်ရက်ထဲနဲ့ တစ်ရွာလုံးပြာကျသွားအောင်ရှို့လို့ရတယ်။ သူတို့ကတစ်ရက်မှာ နည်းနည်းနဲ့ရှို့နေတာ၊ သူတို့စခန်းနဲ့နီးတဲ့ အိမ်တွေကိုတော့မီးရှို့ပြီး စက်ကြီးတွေနဲ့ရှင်းလင်းရေးလုပ်ပြီး သူတို့ပိုင်မြေအဖြစ်သိမ်းယူလိုက်တယ်” ဟုပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၉ ရက်နေ့မှစတင်ကာ စစ်ကောင်စီစစ်ကြောင်းဝင်ရောက်ခဲ့ပြီး ဒေသခံပြည်သူ ခြောက်ထောင်ခန့် ထွက်ပြေးတိမ်းရှောင်နေရပြီး နေအိမ်များလည်းမီးရှို့ဖျက်ဆီးခံထားရကြောင်း Salingyi Border Task Force – SBTF အဖွဲ့၏ တာဝန်ခံ ကိုဘိုဘိုကပြောသည်။

“အဝတ်တစ်ထည်ကိုယ်တစ်လုံးနဲ့ထွက်ပြေးလာတဲ့သူတွေကပိုများတယ်။ အခုချိန်ထိတော့ စားဝတ်နေရေးအတွက် ကူညီပေးတဲ့ အဖွဲ့အစည်းတော့မရှိဘူး။ အနီးအနားကရွာတွေမှာပဲ အလှူခံပြီးခွဲဝေပေးရတယ်။ အဲ့ဘက်ကတော့ စစ်ကြောင်းမကြာခဏထိုးနေတော့ စားဝတ်ရေးအတွက် ဘာမှလုပ်လို့မရဘူး။ အဓိကလိုတာ ဆန် တခြားဟာတော့အဲ့လောက်အဲ့လောက်တော့အရေးမကြီးဘူး” ဟုပြောသည်။

ညောင်ပင်ကြီးကျေးရွာအုပ်စုနှင့် ရွာရှည်ကျေးရွာအုပ်စုရှိ နေအိမ်များမှာ ဇွန်လ ၁၉ ရက်နေ့မှစတင်ကာ မီးရှို့ဖျက်ဆီးခံခဲ့ရခြင်းပြီး နေအိမ် ၃၀၀ ထက်မနည်း မီးလောင်ပျက်စီးခဲ့ကြောင်း သူကဆက်ပြောသည်။

“နေအိမ်ဘယ်လောက်မီးတင်ခံရတယ်ဆိုတာ အတိကျတော့မသိဘူး ရွာဘက်လည်းကပ်လို့မရလို့ အရင်နေ့ကဒရုန်းနဲ့ထောက်လှမ်းကြည့်တာ ထန်းတောရွာတော့တစ်ရွာလုံးပြာကျသွားပြီ။ စကစတွေက နေအိမ်တွေကိုမွှေပြီးတော့ လိုချင်တာအားလုံးယူသွားတာ။ လှေစက်တွေနဲ့သယ်ပြီးတစ်ဖက်ကမ်းကို ပို့နေတာကိုယ်တိုင်မြင်လိုက်တယ်” ဟုပြောသည်။

ဒေသခံပြည်သူများ၏ နေအိမ်အများစုမှာ မီးရှို့ဖျက်ဆီးခံထားရပြီး နေစရာအိမ်မရှိသောကြောင့် လတ်တလောကာလတွင် နေရပ်သို့ ပြန်ရန် အစီအစဉ်မရှိသေးကြောင်း သိရသည်။

ဆားလင်းကြီးမြို့နယ် ပေါင်းဝကျေးရွာအုပ်စုကိုလည်း ဇူလိုင်လ ၃ ရက်နေ့က လက်နက်ကြီး ရမ်းသမ်းပစ်ခတ်ကာ စစ်ကောင်စီစစ်ကြောင်းဝင်ရောက်ခဲ့သောကြောင့် ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

ညောင်ပင်ကြီးကျေးရွာအုပ်စုတွင်ကျေးရွာပေါင်း ခုနှစ်ရွာရှိကာ ၂၀၁၄ သန်းခေါင်စာရင်းအရ လူဦးရေ ခုနှစ်ထောင်ခန့်ရှိပြီး အသက်မွေးဝမ်းကျောင်းအတွက် ပဲအမျိုးမျိုးစိုက်ပျိုးသည့်လုပ်ငန်းကို အဓိကလုပ်ကိုင်နေကြသည်။

သတင်း – Dureng

ဓါတ်ပုံ – ညောင်ပင်ကြီးကျေးရွာအုပ်စု မီးရှို့ဖျက်ဆီးခံထားရသည်ကို မြင်ရပုံ (ချင်းတွင်းမြစ်ကမ်းဘေး ကျေးရွာများသပိတ်စစ်ကြောင်း)

သင့်ထင်မြင်ချက်ရေးပေးပါ