ကားနှင့်ဆိုင်ကယ်ယာဉ်တိုက်မှုကြောင့် ယနေ့ နံနက် ၆ နာရီခွဲခန့်က မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်တွင် ကျောင်းသူတစ်ဦး ဦးခေါင်းထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

မြစ်ကြီးနား တက္ကသိုလ်အနီးရှိ အမှတ် (၂) အခြေခံပညာအလယ်တန်းကျောင်းလမ်းထောင့်တွင် တိုရိုတာ Ip-sum အမျိုးအစား ခရီးသယ်တင်ကားနှင့် ကျောင်းသူတစ်ဦးမောင်းနင်လာသည့် ဆိုင်ကယ်တို့တိုက်မိခဲ့ခြင်းဖြစ်သည်ဟု မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(မြစ်ကြီးနား) မှ တာဝန်ရှိသူတစ်ဦးက The 74 Media ကိုပြောသည်။

“စီတာပူကောင်ရာဘက်ကသွားနေတာကို မြစ်ကြီးနားတက္ကသိုလ်လမ်းကြားဘက်ကလာတဲ့လိုင်းကားက တည့်တည့်ဝင်တိုက်လိုက်တာဟုတ်တယ်။ ဆိုင်ကယ်ကတော့ပျက်စီးသွားတယ်။ မိန်းကလေးက ဦးခေါင်းအပေါ်တည့်တည့်မှာ ပေါက်သွားတာ။ တခြားနေရာမှာထိခိုက်တာတော့မရှိဘူး” ဟုပြောသည်။

ခေါင်းပေါက်ဒဏ်ရာရရှိခဲ့သည့် အသက် (၁၄) နှစ်ခန့်အရွယ်ရှိ ကျောင်းသူကို မြစ်ကြီးနားပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားပြီး ယာဉ်မောင်းအမျိုးသားကို ရပ်ကွက်လူကြီးများထံအပ်နှံထားကြောင်း သိရသည်။

ပြီးခဲ့သည့် ဇွန်လ ၂၂ ရက်နေ့ကလည်း မြစ်ကြီးနားမြို့ တပ်ကုန်းရပ်ကွက် နှစ်ခြင်း(မူရင်း) ဘုရားကျောင်းအရှေ့တွင် ကားနှင့်ဆိုင်ကယ် ယာဉ်တိုက်မှုဖြစ်ပွားခဲ့ပြီး ဆိုင်ကယ်မောင်းနင်သူမှာ ဆေးရုံရောက်ရှိချိန်အထိ သတိမရဘဲ ခွဲစိတ်ကုသမှုခံယူခဲ့ရကြောင်း သိရသည်။

သတင်း – Doi Awng

ဓါတ်ပုံ – မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့/ကချင်ပြည်နယ်/မြစ်ကြီးနား

သင့်ထင်မြင်ချက်ရေးပေးပါ