ဆားလင်းကြီးမြို့နယ်သို့စစ်ကူလာသည့် အင်အား ၆၀ ခန့်ပါရှိသော စစ်ကောင်စီမော်တော်ယာဉ်တစ်စင်း ယမန်နေ့ နံနက် ၁၀ နာရီခွဲခန့်က ပစ်ခတ်တိုက်ခိုက်ခံခဲ့ရကြောင်း သိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များက မုံရွာမြို့မှ ကံကြီးကုန်း ဒေသအခေါ် ပျူရွာသို့ ချင်းတွင်းမြစ်ကြောင်းအတိုင်း စုန်ဆင်းလာရာ ခံကုန်းကျေးရွာအနီးတွင် ဆားလင်းကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးပူပေါင်းတပ်ဖွဲ့များက ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု Salingyi Revolution Army (SRA)မှ ဗိုလ်ဇွဲထက်က The 74 Media ကိုပြောသည်။

“လက်လုပ်ရှေ့ထွက်ပြောင်းတွေနဲ့ပစ်လိုက်တာ မော်တော်ကိုမှန်ပြီး စက်ရပ်သွားလို့ သူတို့သွားချင်တဲ့နေရာကို မသွားလိုက်ရဘူး။ တဖတ်ကမ်းကို ဖြည်းဖြည်းခြင်းကပ်သွားပြီးတော့ အကာအကွယ်ယူပြီး စစ်ကူပြန်တောင်းနေတာ ညနေသုံးနာရီလောက်မှာ ဖလက်ခွံတစ်စီးထပ်ရောက်လာတယ်။ အဲ့အချိန်လည်း တိုက်ပွဲပြန်ဖြစ်တယ်” ဟုပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ မော်တော်ဘုတ်ကို ပစ်ခတ်သိမ်းပိုက်နိုင်ရန် အခွင့်အရေးများရှိသော်လည်း လက်နက်ခဲယမ်းလုံလောက်မှုမရှိသောကြောင့် လက်လျှော့ခဲ့ရကြောင်း သူကဆက်ပြောသည်။

“မော်တော်ဘုတ်တစ်စီးပျက်သွားတယ်။ လူလည်းအထိအခိုက်များနိုင်တယ်။ မော်တော်ဘုတ်ကို ကျည်ဆန်သာရှိရင်တော့ သိမ်းလိုက်နိုင်လို့ရတဲ့ အခြေနေတော့ရှိတာ လက်နက်ခဲယမ်းမပြည့်လို့မသိမ်းလိုက်နိုင်ဘူး။ အဲ့ကောင်တွေလည်း ပျူရွာကိုမသွားတော့ဘဲ စစ်ကူနဲ့ မုံရွာဘက်ကိုဘဲ ပြန်ခေါက်သွားတယ်” ဟုပြောသည်။

သွားရောက်တိုက်ခိုက်ရာတွင် Salingyi Revolution Army (SRA) နှင့်အတူ မျိုးဆက်သစ်လူငယ် Local PDF၊ ရွှေညီကို ပြောက်ကြားတပ်ဖွဲ့၊ 5/Teacher People Defense Force၊ Naung Gyee LPDF၊ Salingyi သေမင်းတမန်ပြောက်ကြားတပ်ဖွဲ့များက ပူပေါင်းခဲ့ကြောင်း သိရသည်။

ဇွန်လ ဒုတိယအပါတ်မှ စတင်ကာ ဆားလင်းကြီးမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တို့ကြား အခြေအနေတင်းမာလျက်ရှိပြီး စစ်ကောင်စစ်ကြောင်းက လက်နက်ကြီးရမ်းသမ်းပစ်ခတ်ကာ ကျေးရွာများအတွင်း ဝင်ရောက်နေသောကြောင့် ဒေသခံပြည်သူ ၆၀၀၀ ခန့် ထွက်ပြေးတိမ်းရှောင်နေရသည်။

စစ်ကောင်စီစစ်ကြောင်းက ကျေးရွာများအတွင်း ဝင်ရောက်ချိန် ဒေသခံပြည်သူများ၏ နေအိမ်များကို မီးရှို့ဖျက်ဆီးလျက်ရှိပြီး နေအိမ်များရှိ ပစ္စည်းများကိုလည်း မွှေနှောက်ယူသွားလေ့ရှိကြောင်း ဒေသခံများထံက သိရသည်။

သတင်း – Dureng

သင့်ထင်မြင်ချက်ရေးပေးပါ