ဒေသခံပြည်သူများကို လူသားဒိုင်းကာအဖြစ် ဖမ်းဆီးထားသော စစ်ကောင်စီစစ်ကြောင်း ပစ်ခတ်တိုက်ခံရသဖြင့် ကသာမြို့နယ် ချောင်းဝကျေးရွာရှိ ဒေသခံပြည်သူတို့၏ နေအိမ်များကို မီးရှို့ဖျက်ဆီးသွားကြောင်း သိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များက ချောင်းဝကျေးရွာအုပ်စု ထင်းကားကျေးရွာရှိ ဘုန်းကြီးကျောင်းဝင်းအတွင်း ဝင်ရောက်တပ်စွဲခဲ့ပြီး ဒေသခံပြည်သူများကို ဖမ်းဆီးထားချိန် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ကျေးရွာအတွင်းရှိ နေအိမ်ရှစ်လုံးထက်မနည်းကို ဇွန်လ ၄ ရက်နေ့က မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်ဟု ကသာမြို့ခံ အမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“ဘုန်းကြီးကျောင်းဝင်းမှာ စစ်ကောင်စီတပ်တွေရှိနေတဲ့အချိန် ရွာထဲကပြည်သူတချို့ကိုလည်း လူသားဒိုင်းလို ခေါ်ထားတာ pdf တွေက ဗုံးကြဲလိုက်တဲ့နောက် မင်းတို့ကဒီလိုလားဆိုပြီး ရွာထဲကအိမ်တွေ မီးရှို့တာ” ဟုပြောသည်။

ဒရုန်းဖြင့် နှစ်ကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက်စစ်ကောင်စီတပ်က နေအိမ်များကို လိုက်လံမီးရှို့ခဲ့ပြီး မီးငြိမ်းသတ်လျင်လည်း ပစ်ခတ်မှုများပြုလုပ်ခဲ့ကြောင်း ဒေသခံအခြားအမျိုးသားတစ်ဦးက ပြောသည်။

“ဘုန်းကြီးကျောင်းမှာ ရွာသားတွေအားလုံး စုနေတဲ့အချိန်မှ ဒရုန်းနဲ့လာတိုက်တာ။ စစ်ကောင်စီက မီးရှို့ပြီးခါနီး ဘုန်းကြီးက ဗျူဟာမှူးကို ဒူးထောက်ရမလိုတောင်းပန်မှ မီးငြိမ်းဖို့အခွင့်အရေးပေးတာ။ သူတို့က မီးရှို့တဲ့အချိန် မီးငြိမ်းရင် ပစ်တယ်လေ” ဟုပြောသည်။

အဆိုပါနေအိမ်မီးရှို့ခံရခြင်းနှင့် ပတ်သက်ပြီး ဖေ့စ်ဘုတ်လူမှုကွန်ယက် စာမျက်နှာများတွင် ကသာမြို့ရှိ ကချင်နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်း မီးရှို့ဖျက်ဆီးခံခဲ့ရသည်ဟု ထင်မြင်ယူဆနေကြသော်လည်း ဘုရားကျောင်းမီးရှို့ခံရခြင်းမရှိပါဟု သူကဆိုသည်။

စစ်ကောင်စီတပ်က ယခုကဲ့သို့ ကျေးရွာအတွင်းဝင်ရောက်မီးရှို့မှုများ ဆက်လက်ပြုလုပ်ကာ ဘုရားကျောင်းကိုလည်း မီးရှို့ဖျက်ဆီးသွားမည်ကို စိုးရိမ်ကြောင်း ဒေသခံအမျိုးသားတစ်ဦးကပြောသည်။

“စစ်ကောင်စီတပ်က ရိက္ခာကုန်ပြီဆိုရင် ရွာထဲကို လက်နက်ကြီးပစ်တယ် ပြည်သူတွေပြေးပြီဆိုရင် ရွာထဲဝင်ပြီး လိုချင်တဲ့ရိက္ခာယူ အာဏာရှင်ဆိုတော့ ဖြစ်ချင်သလို ဖြစ်နေတာ။ အခုထင်းကားမှာလည်း မီးဆက်ရှို့မှာ စိုးရိမ်တယ်။ အဲ့ဒီမှာ ဘုရားကျောင်းတစ်ခုဆောက်ထားပြီပြီ ဆုတောင်းပွဲတော့ မလုပ်ရသေးဘူး အနီးအနားမှာ အိမ်တွေလည်းရှိတာဆိုတော့ မီးဆက်ရှို့သွားမှာ စိုးရိမ်နေရတယ်” ဟုပြောသည်။

ကသာမြို့နယ် မိုးဒါးလေးကျေးရွာအုပ်စု တိုက်ကုန်းကျေးရွာရှိ နေအိမ် ၃၀ ခန့်ကိုလည်း ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၂၃ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ဝင်များ မီးရှို့ဖျက်ဆီးခဲ့သည်။

ကသာမြို့နယ်၊ ချောင်းဝကျေးရွာအုပ်စုတွင် အိမ်ထောင်စု ၄၀၀ ခန့်ရှိပြီး လူဦးရေ စုစုပေါင်း ၂၀၀၀ ကျော်ခန့် နေထိုင်သည်။

သတင်း – Pan Soon

Photo Credit to rightful owner

သင့်ထင်မြင်ချက်ရေးပေးပါ