စစ်ကောင်စီတပ်ဖွဲ့ဝင်များက ယနေ့နံနက် ၆ နာရီခန့်က ဝက်လက်မြို့နယ်မှ ဈေးသည်ခုနှစ်ဦးကို ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

သမရိုးကျေးရွာမှ ရွှေပန်းကုန်းကျေးရွာသို့ ထော်လာဂျီဖြင့် ဈေးရောင်းရန်လာသည့် ပြည်သူခုနှစ်ဦးက ရွာသာကြီးကျေးရွာမှ ထွက်လာသော စစ်ကောင်စီစစ်ကြောင်းနှင့်တွေ့ပြီး သတ်ဖြတ်ခံခဲ့ရခြင်းဖြစ်သည်ဟု ဝက်လက်မြို့နယ် ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက The 74 Media ကိုပြောသည်။

“ကားသုံးစီနဲ့လာတာ ကင်းသမားတွေလည်းမတွေ့လိုက်ဘူးလေ။ သမရိုးရွာဒေသခံတွေ ရွှေပန်းကုန်းဈေးကို ထော်လာဂျီနဲ့သွားတဲ့အချိန် အဲ့ရွာနှစ်ရွာကြားမှာရှိတဲ့ တစ်ဝက်မကျည်းပင်ဆိုတဲ့နေရာမှာသတ်ခံလိုက်ရတာ။ ထော်လာဂျီမောင်းတဲ့သူအပါအဝင် ခုနှစ်ဦးစလုံးသေသွားတယ်။ သေနတ်နဲ့ပစ်သတ်ခံလိုက်ရတာ” ဟုပြောသည်။

အဆိုပါစစ်ကြောင်းက သမရိုးကျေးရွာကို ဝင်ရောက်ချိန်တွင် လက်နက်ကြီး ရမ်းသမ်းပစ်ခတ်ခဲ့သောကြောင့် ဒေသခံပြည်သူ ငါးဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဝက်လက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ကိုသာနောကပြောသည်။

“အဲ့ကောင်တွေကရွာထဲဖြတ်သွားရင်းတွေ့လို့ သတ်လိုက်တာဟုတ်တယ်။ ပြီးတော့ရွာထဲလက်နက်တွေ ရမ်းသမ်းပြီးပစ်နေလို့ ဒေသခံငါးယောက်ထိခိုက်ဒဏ်ရာရခဲ့တယ်။ ဒဏ်ရာရခဲ့သူတွေက အခုဆေးရုံရောက်သွားလို့ မစိုးရိမ်ရတော့ဘူး” ဟုပြောသည်။

သတ်ဖြတ်ခံခဲ့ရသူများမှာ အသက် ၆၀ နှစ်ခန့်အရွယ်ရှိ ဦးသိန်းလှိုင်ဦ အသက် ၅၀ နှစ်ခန့်အရွယ်ရှိ ဒေါ်နှင်းလှိုင်နှင့် ဦးဖိုးလွင်၊ အသက် ၄၀ နှစ်ခန့်အရွယ်ရှိ ဒေါ်အေးနုဝင်း၊ ဒေါ်မွေလီနှင့် ဒေါ်ဖြူနှင့် အသက် ၃၀ နှစ်ခန့်အရွယ်ရှိ ကိုဝေမိုးဆိုသူတို့ဖြစ်ကြောင်း သိရသည်။

အင်အား ၆၀ ခန့်ပါရှိသော အဆိုပါစစ်ကောင်စီစစ်ကြောင်းသည် လက်ရှိအချိန်တွင် အရာတော်မြို့နယ်သို့ ဆက်လက်ထွက်ခွာသွားပြီဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇွန်လ ၂ ရက်နေ့ကလည်း ဝက်လက်မြို့နယ် အရှေ့ဘက်ရှိ ရွှေကျင်ကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးခဲ့ပြီး ဒေသခံလေးဦးကိုလည်း ဖမ်းဆီးသွားကြောင်းသိရသည်။

သတင်း – Dureng

သင့်ထင်မြင်ချက်ရေးပေးပါ