စစ်ကောင်စီတပ်နှင့် ကချင်လွတ်မြောက်ရေးတပ် (KIA) တို့ကြား ဖြစ်ပွားခဲ့သော တိုက်ပွဲကြောင့် မြစ်ကြီးနား – ဗန်းမော်လမ်း သွားလာခွင့်ပိတ်ထားရပြီး ပိုဝေးသည့်လမ်းမှသွားလာနေရသဖြင့် ယာဉ်စီးခနှုန်းထား နှစ်ဆခန့် မြင့်တက်လာကြောင်း သိရသည်။

တိုက်ပွဲကြောင့် မြစ်ကြီးနား-ဗန်းမော်လမ်းကို စစ်ကောင်စီတပ်က ဖြတ်သန်းသွားလာခွင့်ပိတ်ထားသဖြင့် မြစ်ကြီးနား – မိုးညှင်း – ထီးချိုင့် – ဗန်းမော်လမ်းကို အသုံးပြုရကာ ၁၃ နာရီခန့်မောင်းနင်ရနေရသည်ဟု ဗန်းမော်မြို့မှ ဂိတ်မှူးတစ်ဦးက The 74 Media ကို ပြောသည်။

“ပုံမှန်သွားနေတဲ့လမ်းက အခုထိ လမ်းမဖွင့်သေးဘူး။ အခုကျတော့ မနက်ခြောက်နာရီကနေ ကားထွက်ရတယ် အဲ့ဒါတောင် ဟိုမှာမိုးချုပ်မှ ရောက်နိုင်တာမို့လို့လေ။ ကားလမ်းက အရင်ကထက် နှစ်ဆကျော်လောက် ပိုဝေးသွားတာပေါ့” ဟုပြောသည်။

ယခင်က လူတစ်ဦးလျှင် ယာဉ်စီးခ ငွေကျပ်နှစ်သောင်းခွဲပေးရသော်လည်း လက်ရှိအချိန်တွင် ငွေကျပ်ငါးသောင်းမှ ရှစ်သောင်းကျပ်အထိပေးနေရခြင်းဖြစ်သည်။

မြစ်ကြီးနား – ဗန်းမော်ပြေးဆွဲနေသော မော်တော်ယာဉ်လိုင်းအများစုမှာ ရပ်နားထားရပြီး ခရီးသည် လက်မခံကြောင်း ဗန်းမော်မြို့မှ ဂိတ်မှူးအမျိုးသမီးတစ်ဦးက ပြောသည်။

“တခြားဂိတ်တွေကတော့ တခြားလမ်းကနေ ထွက်တာရှိတယ်။ ဒီဂိတ်က ကားသမားတွေတော့ မထွက်သေးဘူး။ ဂိတ်တောင်မှပိတ်ထားတာ ပိတ်ထားတယ်ဆိုတာတော့ လာရင်တော့ဖွင့်တယ်လေး။ ခရီးသည်လာလို့ရှိရင် ဒီဖက်လမ်းက ပိတ်ထားတော့ လက်မခံထားဘူး”ဟု သူက ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၄ ရက်နေ့က ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO/KIA) ဌာနချုပ် လိုင်ဇာခရိုင်အတွင်း စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလျက်ရှိသောကြောင့် ဒေသခံပြည်သူများ သွားလာရေးနှင့် လုံခြုံရေးအတွက် အထူးဂရုပြုရန် လိုင်ဇာခရိုင် အုပ်ချုပ်ရေးရုံးက စာထုတ်ပြန်ခဲ့သည်။

ပြီးခဲ့သည့် ဇူလိုင်လ ၃ ရက်နေ့က မြစ်ကြီးနား – ဗန်းမော်လမ်းရှိ နမ်ဆန်ယန်ကျေးရွာတွင် စစ်ကောင်စီနှင့် KIA တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဒေသခံပြည်သူများနှင့် ကျေးရွာအတွင်း အလုပ်လာရောက်လုပ်ကိုင်နေသည့် ပြည်သူ တစ်ထောင်ကျော်ခန့် ဝိုင်းမော်နှင့် မိုင်းနားကျေးရွာရှိ ဘုရားကျောင်းများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

ထို့အပြင် တိုက်ပွဲဖြစ်ပွားနေချိန်အတွင်း လိုင်ဇာမြို့မှ ဗန်းမော်မြို့သို့သွားရာ နမ်ဆန်ယန်ကျေးရွာအထွက်ရှိ တံတားအနီးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပစ်ခတ်ခဲ့သောကြောင့် ခရီးသွားပြည်သူတစ်ဦး ပေါင်နှင့် လက်တို့တွင် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

သတင်း – Pan Soon

သင့်ထင်မြင်ချက်ရေးပေးပါ