ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့ခေါင်းဆောင်နေအိမ်နှင့် တပ်စခန်းသုံးခုကို ကချင်လွတ်မြောက်ရေးတပ် (KIA)က ယနေ့ နံနက် ၄ နာရီခွဲ့ခန့်က ဝင်ရောက်ပစ်ခတ်ခဲ့ပြီး နှစ်ဖက်အထိအခိုက်အကျအဆုံးများရှိကြောင်း သိရသည်။

KIA တပ်မဟာ ၂ တပ်ဖွဲ့ဝင်များက ရှဒူးဇွပ်ကျေးရွာရှိ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်တပ်စခန်းနှင့် အခွန်ကောက်သည့်ဂိတ်၊ စံပြကျေးရွာရှိ တပ်စခန်းနှင့် ကိုင်းတောရွှေမှော်သွားရာလမ်းရှိ တပ်စခန်းများကို တစ်ချိန်တည်းတွင် ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ရှဒူးဇွပ်ကျေးရွာ ဒေသခံအမျိုးသမီးတစ်ဦးက The 74 Media ကို ပြောသည်။

“ရွာထဲမှာတိုက်ပွဲဖြစ်ကြတယ် မနက်ခုနှစ်နာရီလောက်မှာ ငြိမ်သွားတာ။ KIA တွေရွာထဲဝင်လာပြီး ပစ်ကြတာ။ ရွာတံတားနားမှာလည်း တစ်နေရာရှိတယ်လေ၊ ပြည်သူ့စစ်ရှိတဲ့ နေရာတိုင်းမှာ တစ်ခါတည်းပစ်ခတ်ကြတာ” ဟုပြောသည်။

ထိတွေ့တိုက်ပွဲဖြစ်ပွားချိန် လက်နက်ကြီးပစ်ခတ်မှုကြောင့် ရှဒူးဇွပ်ကျေးရွာရှိ နှစ်ခြင်းခရစ်ယာန် ဘုရားကျောင်းဝင်းအတွင်း လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့ပြီး အနီးအနားရှိ နေအိမ်အချို့လည်း ထိခိုက်ပျက်စီးခဲ့ကြောင်း ဒေသခံအခြားအမျိုးသမီးတစ်ဦးက‌ ပြောသည်။

“လက်နက်ကြီးတွေလည်းကျတော့ အစအနမှန်ပြီးထိခိုက်တဲ့ ပြည်သူတွေလည်းရှိတယ်။ ရွာထိပ်က အမျိုးတစ်ယောက်လည်း ထိတယ်လို့ပြောတယ်။ အခုထိတော့ စာရင်းအတိအကျတော့ မသိရသေးဘူး။ ကျည်ဆံတွေအများကြီးပဲကျတာ။ ရွာထဲကို ကြိုက်သလိုကိုပစ်ထည့်တာ။ အိမ်အောက်မှာ ဝပ်နေတာတောင် ထိတော့မလိုလိုပဲ” ဟုပြောသည်။

တိုက်ပွဲဖြစ်ပွားပြီးနောက် ပြည်သူ့စစ်တပ်ဖွဲ့က KIA တပ်ဖွဲ့ဝင် ဝတ်စုံဝတ်ဆင်ထားသည့် အမျိုးသားတစ်ဦးကို ခြေထောက်တွင်ကြိုးဖြင့်ချည်ကာ ရွာလမ်းမကြီးအတိုင်း ကားဖြင့်တရွတ်တိုက်ဆွဲခေါ်သွားကြောင်း မျက်မြင်တွေ့ရှိသူတစ်ဦးက ပြောသည်။

“ကားနဲ့ ခြေထောက်မှာကြိုးနဲ့ချည်ပြီး တရွတ်တိုက်ဆွဲသွားတာ KIA ဘက်က အဝတ်အစားပဲ ရှဒူးဇွပ်ရွာလမ်းပေါ်ကနေ ဖြတ်သွားတာ ကားမောင်းပြီး။ လက်ကမိုးပေါ်ထောင်နေတာ တွေ့လိုက်တာ။ လမ်းက မကောင်းတာနဲ့” ဟုပြောသည်။

စစ်ကောင်စီလက်အောက်ခံ ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့၏ တယ်လီဂရမ်ချန်နယ်တွင် ယနေ့နံနက်က ဖြစ်ပွားခဲ့သော တိုက်ပွဲတွင် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ဝင်သုံးဦး၏ ရုပ်အလောင်းနှင့် သိမ်းဆည်းရမိသော လက်နက်များပုံကို မျှဝေထားသည်။

အဆိုပါမျှဝေချက်တွင် တိုက်ပွဲအတွင်း ပြည်သူ့စစ်တပ်ဖွဲ့ဝင်အချို့ သေဆုံးခဲ့ပြီး တပ်ဖွဲ့ဝင် နှစ်ဦးမှာ ထိခိုက်ဒဏ်ရာရရှိကြောင်း ဖော်ပြထားသည်။

ပြီးခဲ့သည့် ဇွန်လ ၃၀ ရက်နေ့ကလည်း တိန်ကောက်ကျေးရွာအနီး ဂျန်ဘူကတောင်နားတွင် ဝါရာဇွပ်ပြည်သူ့စစ်က ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်သောကြောင့် ဆိုင်ကယ်မောင်းနှင်လာသည့် မြစ်ကြီးနားမြို့ရှိ ပလနစစ်ရှောင်စခန်းမှ သားအမိနှစ်ဦးမှ မိခင်ဖြစ်သူသေဆုံးပြီး သားဖြစ်သူ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

သတင်း – Pan Soon

ဓာတ်ပုံ – ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့ တယ်လီဂရမ်ချန်နယ်

သင့်ထင်မြင်ချက်ရေးပေးပါ