ဖားကန့်မြို့ ဆိုင်းတောင်ကျေးရွာမှ ရှင်းရင် ဟိုတယ်နှင့်ကေတီဗီပိုင်ရှင်ဖြစ်သူ အမျိုးသမီးကို အမည်မသိလူတစ်စုက ခေါ်ဆောင်ကာ သတ်ဖြတ်ခဲ့မှု ယမန်နေ့ ညက ဖြစ်ပွားခဲ့ကြောင်းသိရသည်။

သတ်ဖြတ်ခံခဲ့ရသူမှာ အသက် ၅၅ နှစ်ခန့်အရွယ်ရှိ မဖြူဖြစ်ပြီး ရုပ်အလောင်းကို ဆိုင်းတောင်ကျေးရွာနှင့် ရွာဟောင်းကျေးရွာကို ဆက်သွယ်ထားသော လမ်းတွင် တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း အသက် ၃၈ နှစ်ခန့်အရွယ်ရှိ ဆိပ်မူကျေးရွာ ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။

“ညကတော့ သေနတ်သံတစ်ချက်၊ နှစ်ချက်တော့ကြားရတယ်။ မနက်စောစော ဆိုင်းတောင်ဘက်ကို ဟင်းစိမ်းလာပိုတဲ့သူတွေ အရင်စတွေ့တာ မိန်းမကြီးအလောင်းတစ်လောင်းတွေ့တယ်တဲ့။ မကြာဘူး သေတဲ့သူနဲ့ ဆက်နွယ်တဲ့အသိုင်းအဝိုင်းတွေအကုန်ရောက်ချလာတယ်” ဟုပြောသည်။

အမည်မသိအမျိုးသားလေးဦးက ကားအမဲရောင်တစ်စီးဖြင့် ယမန်နေ့ ည ၉ နာရီခွဲခန့်က လာရောက်ခေါ်ဆောင်သွားခြင်းဖြစ်သည်ဟု အမည်မဖော်လိုသည့် KTV ဆိုင်ဝန်ထမ်းတစ်ဦးကဆိုသည်။

“ဘယ်ကလူတွေမှန်းမသိဘူး။ အကျဲ(သေဆုံးသူ)ရှိလားဆိုပြီးမေးတယ်။ သူတိုတွေဘာတွေ ပြောနေကြလည်းတော့ မသိဘူး။ ပြီးတာနဲ့အကျဲကိုကားပေါ်ခေါ်တင်သွားတာ တွေ့လိုက်တယ်။ မျက်နှာမှာဖုန်ကာတွေလည်း တပ်ထားတယ်။ CCTV ပြန်ကြည့်လိုရရင် ဘယ်သူတွေလည်းဆိုတာ သိနိုင်တယ်” ဟုပြောသည်။

အဆိုပါ KTV သည် ဖားကန့်မြိုနယ်အတွင်းရှိ လက်နက်ကိုင်အဖွဲအစည်းများ အမြဲဝင်ထွက်နေသော နေရာဖြစ်ကြောင်း KTV အနီးနေထိုင်သူဒေသခံအမျိုးသားတစ်ဦးကပြောသည်။

“ဇာတ်လမ်းက ဘယ်လိုစလဲတော့ မသိဘူးပေါ့နော်။ အဲ့မှာက KIA ရော စစ်တပ်ရော အကုန်လာကဲကြတဲ့။အဓိက ဗဟိုချက်လိုတောင်ပြောရမယ်။ အဲ့မှာက အစုံရတယ်လေ။ မိန်းမလား၊ ဆေးလား၊ လောင်းကစားလား အစုံပေါ့” ဟုပြောသည်။

ရုပ်အလောင်းကို ဆိုင်းတောင်ကျေးရွာရှိ လူမှုကူညီရေးအသင်းက လာရောက်သယ်ဆောင်သွားကြောင်း ဒေသခံများထံမှသိရသည်။

The 74 Media က ရရှိထားသော ဓါတ်ပုံအရ သေဆုံးသူမှာ ခန္ဓာကိုယ် ဘယ်ဘက်အခြမ်း နံရိုးအောက်တွင် သေနတ်ကျည်ထိမှန်ထားသော ဒဏ်ရာဖြင့်သေဆုံးနေခြင်းဖြစ်သည်။

အလားတူ ဖားကန့်မြိုနယ် လုံးခင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်ဆွေကိုလည်း ဇွန်လ ၉ ရက်နေ့က ဆိုင်ကယ်တစ်စီးဖြင့် အမျိုးသားနှစ်ဦးက နေအိမ်မှလာရောက်ခေါ်ဆောင်သွားပြီးနောက် လုံးခင်းသုဿာန်အရှေ့တွင် သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသည်။

သတင်း – SK

ဓါတ်ပုံ – ပေးပို့

သင့်ထင်မြင်ချက်ရေးပေးပါ