မြစ်ကြီးနားမြို့ နန်းကွေ့ချောင်းတွင် ရေနစ်သေဆုံးခဲ့သည့် မိန်းကလေးတစ်ဦး၏ ရုပ်အလောင်းကို ယနေ့ မွန်းတည့် ၁၂ နာရီခန့်က ပြန်လည်တွေ့ရှိခဲ့ကြောင်း သိရသည်။

သူငယ်ချင်းများနှင့် လာရောက်ရေချိုးချိန်တွင် ရေနှစ်သေဆုံးခဲ့ခြင်းဖြစ်သည်ဟု ဧရာဝတီကရုဏာလူမှုကူညီရေးအသင်းမှ အသင်းဝင်တစ်ဦးက The 74 Media ကိုပြောသည်။

“သူငယ်ချင်းတွေနဲ့ အတူရေသွားချိုးတာတဲ့ မနေ့က။ ရေသွားချိုးတဲ့အချိန်ဖြစ်တာ ဘယ်အချိန်ရေနစ်သွားတာတော့ မသိဘူး။ ကျွန်တော်တို့ကို ဒီမနက် ပြောလာတယ်။ မနက်ကနေရှာတာ နေ့လယ်လောက်မှ အလောင်းကို ရှာတွေ့ခဲ့တာ” ဟုပြောသည်။

သေဆုံးသူ၏ ရုပ်အလောင်းကို မြစ်ကြီးနားမြို့ ပြည်သူ့ဆေးရုံရှိ ရင်ခွဲရုံသို့ ပို့ဆောင်ထားကြောင်း သူကပြောသည်။

သေဆုံးသူမှာ အသက် ၁၄ နှစ်ခန့်အရွယ် မဆိုင်းဂျာဆိုသူဖြစ်ပြီး စီတာပူရပ်ကွက်တွင် နေထိုင်သူဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် အောက်တိုဘာလကလည်း အဆိုပါနန်းကွေ့ချောင်းတွင် ရေလာချိုးသည့် အမျိုးသားတစ်ဦး ရေနစ်သေဆုံးခဲ့သည်။

သတင်း – Doi Awng

ဓါတ်ပုံ – ဧရာဝတီကရုဏာလူမှုကူညီရေးအသင်း

သင့်ထင်မြင်ချက်ရေးပေးပါ